CNI Article
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈
ကြိုတင်ပြင်ဆင်မှုနှင့် အကြင်နာတရားရှိစွာ တုန့်ပြန်မှုတို့သည် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် ဝင်ရောက်လာ သူများအရေးကို စီမံကိုင်တွယ်နိုင်ရန်အတွက် အဓိက စကားလုံးများဖြစ်သည်။
ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာသူများထဲတွင် အရပ်သားများမှအစ တိုက်ပွဲများအတွင်း ဘေးလွတ်ရာ တိမ်းရှောင်လိုကြသည့် တိုက်ခိုက်ရေးသမားများအထိ ပါဝင်သည်။
အတိတ်ကို ပြန်လည်ကြည့်ရှုမည်ဆိုပါက ထိုင်းနိုင်ငံသည် ထိုကဲ့သို့ လူအစုလိုက်အပြုံလိုက် ဝင်ရောက်လာသည့် အခြေအနများနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များကို အတွေ့အကြုံ အများကြီးရှိခဲ့ပြီး အတိတ် ကာလက ဖြစ်ရပ်များကို သင်ခန်းစာယူကာ အနာဂတ်တွင် ပိုမိုကောင်းမွန်စွာ ဦးဆောင်လမ်းပြ ပြုလုပ်နိုင်သည်။
ဥပမာပြရမည်ဆိုပါက ထိုင်းအာဏာပိုင်များသည် နိုင်ငံအတွင်း စုပြုံဝင်ရောက် လာသူများကို ဒုက္ခသည်များဟူ သည့် စကားလုံးကို အသုံးမပြုခြင်းဖြစ်သည်။
ဒုက္ခသည်ဟူသည့် ဝေါဟာရသည် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံများတွင် ဖိနှိပ်ညှင်းပန်းခံရမည်ကို စိုးရိမ်မှုကြောင့် အမိမြေမှ ထွက်ပြေး တိမ်းရှောင်လာသူများအဖြစ် နိုင်ငံတကာက သိရှိနားလည်ထားကြသည်။
သဘောတရားအရ ထိုသတ်မှတ်ချက်သည် စစ်ဘေးမှထွက်ပြေး တိမ်းရှောင်လာသူများအားလုံး လွှမ်းခြုံပါဝင်သည်။
အဓိက နိုင်ငံတကာ စည်းကမ်း သတ်မှတ်ချက်တွင် ထိုဒုက္ခသည်များကို ၎င်းတို့အတွက် အန္တရာယ်ရှိသည့် နေရပ် ဒေသများသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုသင့်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထိုဒုက္ခသည်များကို နိုင်ငံတကာအသိုင်းအဝိုင်း၏ ကာကွယ်မှုအောက်တွင် ထားရှိခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများကို အုပ်စု ၅ စု ခွဲ ပြီး သတ်မှတ်ဖော်ပြနိုင်သည်။
ပထမအုပ်စုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုကတည်းက မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ဒုက္ခသည် ၉၀,၀၀၀ ဖြစ်သည်။
၎င်းတို့အနက် အများစုမှာ ပဋိပက္ခများရန်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တိုင်းရင်းသားများဖြစ်ပြီး ထိုင်းနိုင်ငံ၏ အနောက်ဘက် နယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသည်။
ယေဘုယျအားဖြင့် ၎င်းတို့ကို ဖိနှိပ်ခံရနိုင်သည့် နေရပ်သို့ ပြန်မပို့ဘဲ ထိုင်းနိုင်ငံအတွင်းမှာပင် နေထိုင်ခွင့် ပေးထားသည်။
ထိုအုပ်စုသည် ဒုက္ခသည်စခန်းများတွင် အထောက်အထားဖြင့် နေထိုင်သူများဖြစ်သဖြင့် ပွင့်လင်းမြင်သာမှုနှင့် ကာကွယ်မှုများကို အတိုင်းအတာတစ်ခုအထိ ရရှိထားသည်။
၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းများအပြင်သို့ မထွက်ပါက တရားမဝင် ရွှေ့ပြောင်းများကဲ့သို့ ဖမ်းဆီးခံရမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ၎င်းတို့သည် အလုပ်လုပ်ခွင့် မရှိသေးပေ။
ဒုတိယအုပ်စုမှာ ဘင်္ဂါလီ (မူရင်းတွင်- ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်များဖြစ်သည်။ ထိုအုပ်စုတွင် အများစုမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာ ကြသူများဖြစ်သည်။
၎င်းတို့၏ ထွက်ပြေးတိမ်းရှောင်မှုတွင် အများစုမှာ လူမှောင်ခိုကူးခံရ သူများဖြစ်သည်။
ထို့အပြင် ၎င်းတို့ထဲမှ ထွက်ပြေးတိမ်းရှောင်သူ အများစု ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ပြီး အနည်းစုမှာ ထိုင်းနိုင်ငံ သို့ ဝင်ရောက်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပင်လယ်ရေလမ်းကြောင်းမှ ရောက်ရှိလာသူများသည် ပြန်လည်နှင်ထုတ်ခံခဲ့ရပြီး လက်ရှိတွင် ကလေးသူငယ်များ အပါအဝင် လူပေါင်းရာချီသည် ထိန်းသိမ်းခံထားရသည်။
တတိယအုပ်စုမှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အစောပိုင်းက တပ်မတော်က အာဏာရယူခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အကြား ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ကြသူများဖြစ်သည်။
အများစုမှာ တိုက်ပွဲများကြောင့် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ရသည့် တိုင်းရင်းသားများ ဖြစ်သည်။
၎င်းတို့သည် ထိုင်းလုံခြုံရေးအဖွဲ့များ ဦးစီးသည့် ယာယီလုံခြုံရေး ဒေသ ၁၅ ခုတွင် နေထိုင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။
စတုတ္ထအုပ်စုမှာ မြန်မာနိုင်ငံတွင် တိုက်ပွဲများပြင်းထန်ခဲ့သည့် ယခုနှစ်အစောပိုင်းက ထိုင်းသို့ ရောက်ရှိလာကြ သူများဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် ပြည်တွင်းမှာပင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၃ သန်းနီးပါးအထိရှိပြီး ၎င်းတို့ထဲမှ အချို့မှာ လုံခြုံရေးအတွက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရန် လိုအပ်နေသူများဖြစ်သည်။
ကြိုတင်ကာကွယ်မှုနှင့် အကြင်နာတရားရှိစွာ တုန့်ပြန်ဆောင်ရွက်မှုသည် ထွက်ပြေးတိမ်းရှောင်လာသူများအား အတင်းအကျပ် ပြန်လည်မပို့ဆောင်ရေး၊ လုံခြုံရေး အကာအကွယ်၊ အချက်အလက် စာရင်းသွင်းမှု၊ ထောက်ပံ့ရေး နှင့် ယာယီခိုလှုံခွင့်ပေးရေး အစရှိသည့် မူဝါဒများကို လိုက်နာကျင့်သုံးသင့်သည်။
ထိုအုပ်စုကို စောင့်ရှောက်ရန်အတွက် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အချင်းချင်း ပွင့်လင်းမြင်သာမှု ရှိစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လှသည်။
နောက်ဆုံးအုပ်စုမှာ မြန်မာနနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် မတူညီသော အဖွဲ့ပေါင်းစုံမှ လက်နက်ကိုင်များဖြစ်သည်။
ထိုင်းနိုင်ငံသည် ကြားနေနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတကာက သတ်မှတ်ကျင့်သုံးသည့် ကြားနေ သဘောထား ရပ်တည်ချက်မျိုးကို ပြသရမည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် လက်နက်ကိုင်များအနေဖြင့် ထိုင်းနယ်နိမိတ်အတွင်း ရောက်ရှိချိန်တွင် လက်နက်ချရမည်ဖြစ်သည်။
လက်နက်ချထားသည့် ဒဏ်ရာရသူများ၊ ဖျားနာသူများသည်လည်း တိုက်ခိုက်မှုများရန်မှ အကာအကွယ် ရရှိသင့်သည်။
ထိုင်းနိုင်ငံမှ လက်နက်ခဲယမ်းများသည်လည်း ပဋိပက္ခဖြစ်ပွားနေသည့် အုပ်စုများအကြား ထောက်ပံ့မှုတစ်ခု မဖြစ်စေရန် အရေးတကြီး ဆောင်ရွက်ရန်လိုသည်။
ခြုံငုံပြောရမည်ဆိုပါက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် အရေးကိစ္စတွင် လိမ္မာပါးနပ်စွာ ကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်