CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ခုခံနိုင်စွမ်းအားနည်းသည့် လူဦးရေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးရန် စဉ်းစားနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခကို အဖြေရှာရန် မြန်မာခေါင်းဆောင်များ၊ တိုင်းရင်းသား လူနည်းစုများနှင့်အတူ ဆွေးနွေးမှုများကို ဦးဆောင်ပြုလုပ်ရန် စဉ်းစားနေသည်ဟုလည်း ထိုအစီအစဉ်နှင့်ပတ်သက်ပြီး သိရှိထားသည့် ထိုင်းစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နျူကာရာ (Parnpree Bahiddha-nukara) ၊ စစ်တပ် အကြီးအကဲများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဆွေးနွေးခဲ့ သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာသာဗီဆင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ရေရှည်ကြာမြင့်မည်ဆိုပါက ထိုင်းနိုင်ငံအပေါ်ကိုလည်း ကြီးမားစွာ ဂယက် ရိုက်ခတ် စေလိမ့်မည်ဟု ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။       

ထို့ကြောင့် မြန်မာ၏ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံသည် ဝန်ကြီးချုပ် ဆရီသာ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအားဖြင့် မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံ၏ အချက် ၅ ချက်ပါ သဘောထားဆန္ဒ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စဉ်းစားနေသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် လအနည်းငယ် အကြာမှာ ပဲ အာဆီယံက အချက် ၅ ချက်ပါ သဘောဆန္ဒ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အဆိုပြုခဲ့သည်။ 

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံထဲရောက်နေစဉ်

သို့သော်လည်း မြန်မာနိုင်ငတွင် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အာဆီယံ၏ အစီအစဉ်သည် အကောင်အထည် ပေါ်လာခဲ့ခြင်းမရှိပေ။

"ထိုင်းအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာပါ" ဟု ထိုသတင်းရင်းမြစ်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပန်ပရီသည် ၎င်းတို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် မြန်မာတိုက်ပွဲရှောင်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  အကူအညီများ ထောက်ပံ့ပေးရန် အစီအစဉ်တစ်ရပ် စတင်လုပ်ဆောင်ဖို့ စဉ်းစားခဲ့သည်ဟု ပြောကြားခဲ့သည်။

မစ္စတာပန်ပရီ၏ အဆိုအရ မြန်မာသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံရန် လုပ်ငန်းတာဝန်အဖွဲ့ကို ထိုင်းသို့ စေလွှတ်ရခြင်း မရှိသေးကြောင်း သိရသည်။ 

Source: ဘန်ကောက်ပို့စ်