CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အစပ် တုံပင်ရွာမှ ရှမ်းနီလူငယ် များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အင်းတော်ကြီး အင်းဘေးတလျှောက်က ရှမ်းနီကျေးရွာများမှ တစ်ရွာလျှင် ရှမ်းနီလူငယ် ၃၀ ဝန်းကျင် ပေးရမည်ဟု ရွာသူကြီးများအား ဆင့်ခေါ်၍ လူသစ်စုဆောင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ ဟုမ္မလင်း-မိုးညှင်း အစပ် တုံပင်ရွာက ရှမ်းနီ လူငယ်တွေကို ဇန်နဝါရီ ၁၆ ရက်နေ့က ညပိုင်း တုန်းက KIA က ဖမ်းဆီးသွားတယ်။ ဘယ်ကို ခေါ်သွားလဲတော့ အခုထိ မသိရသေးဘူး။ ပြီးတော့ အင်းတော်ကြီး အင်းဘေးတလျှောက်က ရှမ်းနီရွာတွေမှာ တစ်ရွာကို ရှမ်းနီလူငယ် ၃၀ ဦး ကောက်ယူပေးဖို့ သူကြီးတွေကို ခေါ် ပြီး ပြောတယ်။ လူသစ်စုဆောင်းနေတယ်။ ကချင်က ဘာကြောင့် ရှမ်းနီကို လူသစ်စုဆောင်းရတာလည်း သူ့ လူမျိုး သူစုဆောင်းလေ၊ KIA အတွက် ရှမ်းနီက အသေခံပေးရမှာလား အသေခံပေးရတော့လည်း သူတို့ပဲ ကောင်းစားတာ။ ဒါကြောင့် ရှမ်းနီလူမျိုးတွေ ဒီအတိုင်း ငြိမ်ခံလို့မရဘူး။ ကိုယ့်လူမျိုး အဖွဲ့အစည်းတွေကို အား ကောင်းအောင် ဝိုင်းဝန်း ထောက်ခံပေးဖို့လိုအပ်တယ်”ဟု ပြောသည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် ရှမ်းနီလူမျိုးများသည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို ထူထောင်ထားပြီး ရှမ်းနီပြည်နယ် ရရှိရေး၊ ရှမ်းနီလူမျိုးများနှင့် ရှမ်းနီဒေသများအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ တည်ငြိမ်အေးချမ်း ရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းတည်ဆောက်ရေးအတွက် ကြိုးပမ်းလျက်ရှိနေသည်။

ထိုသို့ SNA မှ ကြိုးပမ်းနေစဉ်ကာလမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များကို လက်နက်ခဲယမ်း ထောက်ပံ့ပေး၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ SNA စစ်စခန်းများကို တိုက်ခိုက်ကာ နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်ဟု ရှမ်းနီအဖွဲ့အစည်းများ က ပြောသည်။

KNA တပ်ဖွဲ့ကို တွေ့ရစဉ်

တခြား တစ်ဖက်မှာလည်း ကူကီးအမျိုးသားများတပ်မတော်(KNA/KNO)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အောင်ဇေယျမြို့၊ သနန်ကျေးရွာရှိ ရှမ်းနီလူမျိုး ၃၇ ဦးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က ဖမ်းဆီး သတ်ဖြတ်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က အသုဘပို့ပြီး ပြန်လာသော  ရှမ်းနီလူမျိုး အမျိုးသား ၄ ဦးကို KNA/KNO က ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူသစ်စုဆောင်းမှုများခံနေရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်မှုများလည်း ခံနေရခြင်းများကို နိုင်ငံတကာက အကာအကွယ်ပေးသင့်ကြောင်း ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။