CNI Interview 

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်သော ဒေသများနှင့် ရှမ်းနီ လက်နက်ကိုင် (SNA) လှုပ်ရှားနယ်မြေများတွင် စစ်ရေးချဲ့ထွင်ကာ ဖော်ဆောင်လျက်ရှိနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့နောက် အင်းတော်ကြီးဒေသကို SNA က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ထိုးဖောက်ဝင်ရောက်၍ ထိန်းချုပ် လာခဲ့ရာတွင် ကချင်လူမျိုးများကို တင်းကြပ်နေသည်ဆိုသော သတင်းများ ထုတ်လွှင့်လာခဲ့သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ လူမျိုးရေး ပြဿနာများ ပေါ်ပေါက်လာမည်ကို အားလုံးက စိုးရိမ်လာနေကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ဗဟိုကော်မတီဝင်၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးဆေဝမ်ဖှကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

အင်းတော်ကြီးဒေသကို SNA ထိန်းချုပ်လိုက်စဉ်

မေး ။       ။ အခု ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသကို အရင်က KIA လွှမ်းမိုးထားတယ်။ ဒီနောက်ပိုင်းမှာ SNA က ထိုးဖောက်ဝင်ရောက်လာပြီးတော့ တော်တော်များများ ထိန်းချုပ်လာခဲ့တယ်။ ဆိုတော့ အင်းတော်ကြီးဒေသက SNA အတွက် ဘယ်လောက် အရေးပါတဲ့ဒေသလဲ၊ ဘာကြောင့် အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့ SNA အတွက် လိုအပ် တာလဲ။

ဖြေ ။        ။ ဟုတ်ကဲ့ဗျ။ အင်းတော်ကြီးဒေသဆိုတာ ဟိုး ရှေးယခင်ကတည်းက  မူလ ဒေသခံရှမ်းနီလူမျိုးတွေရဲ့ နယ်မြေဖြစ်ပါတယ်။

သမိုင်းအစဥ်အဆက် တည်ရှိခဲ့တဲ့ မြို့ရွာတွေဟာ ရှမ်းနီအမည်နဲ့ မှည့်ခေါ်ထားတာက သက်သေတွေ ဖြစ်ပါတယ်။ ရှမ်းနီတွေကိုယ်တိုင် တည်ထောင်ခဲ့တဲ မြို့ပြပြည်ထောင်တွေဖြစ်ပြီး ယနေ့တိုင် ထင်ရှားတဲ့ သမိုင်းမှတ်တမ်း  ဖြစ်ရပ်တွေ၊ ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ ရှမ်းနီဒေသဖြစ်ပါတယ်။ 

လက်ရှိ ရှမ်းနီလူမျိုး အများဆုံးနေထိုင်တဲ့  အင်းတော်ကြီး ရှမ်းနီနယ်မြေကို KIA တွေက မတရားကျူးကျော် သိမ်းပိုက်ထားတာ ကာလအတန်ကြာ လာတာနဲ့အမျှ ဒေသတွင်း ရှမ်းနီပြည်သူလူထုဟာ KIA ရဲ့ မတရားအဓမ္မ မှုတွေကို  နေ့စဥ် ရင်ဆိုင်နေရပါတယ်။

အဲဒီအတွက် မိမိတို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ဒေသတွင်း ရှမ်းနီပြည်သူလူထုကို အဲဒီဒုက္ခတွေ ကနေ ကယ်တင်ဖို့ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် အရေးကြီး လိုအပ်ပါတယ်။ 

အင်းတော်ကြီးဒေသ မူလပိုင်ရှင်ဖြစ်တဲ့ ရှမ်းနီတို့ရဲ့ သမိုင်းဖြစ်တည်မှုနဲ့အတူ  ရှည်လျားလှတဲ့ သမိုင်းတလျှောက် ယှဥ်တွဲပြီး ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းမှတ်တမ်းများစွာ ရှိပါတယ်။

အဲဒီလိုနေရာကို မတရားကျူးကျော် ဖိနှိပ်လာတဲ့ ဘယ်သူကိုမဆို ကျနော်တို့ SNA က ကာကွယ်တိုက်ထုတ်သွားမှာ ဖြစ်ပါတယ်။ 

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်

မေး ။       ။ အခု အင်းတော်ကြီးဒေသကြီး SNA ဝင်ရောက်လာလို့ ကချင်လူမျိုးတွေ ထွက်ပြေးနေကြရတယ်၊ ကချင်အိမ်တွေကို SNA က ချိတ်ပိတ်နေတယ်ဆိုပြီးတော့ ကချင်သတင်းဌာနတွေ အများစုမှာ ရေးသားဖော်ပြလာ တာ တွေ့ရတယ်။ ဒါတွေက ဘယ်လိုဖြစ်တာလဲ။

ဖြေ ။        ။ ကျနော်တို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဟာ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNUC)ရဲ့ မူဝါဒနဲ့ ဦး ဆောင်မှုအောက်မှာ လှုပ်ရှားကြိုးစား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အဓိက မူဝါဒကြီး(၅)ရပ် ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်အထက်ပိုင်းရှိ ပြည်သူလူထုများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးဆိုတဲ့ အချက်ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

ကျနော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မည်သည့် အဖွဲ့အစည်းမဆို တိုင်းရင်းသား လူမျိုးတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နာကျင် ပျက်စီးစေလိုသော ဆန္ဒ၊ လုပ်ရပ်မှန်သမျှကို ရှုံ့ချပါတယ်။ 

ကျနော်တို့ SNA အဖွဲ့အစည်းဟာ ဒေသတွင်း ပြည်သူလူထု အေးချမ်းသာယာရေးကိုပဲ လျစ်လျူရှုပါတယ်။ မိမိတို့ လူမျိုးစရိုက်ဟာ  ရန်မူအနိုင်ကျင့်တဲ့ အလေ့အကျင့်မရှိပါဘူး။ 

ကချင်ဆိုတာ ကျနော်တို့နဲ့အတူနေ မိတ်ဆွေတွေပါ။ ကျနော်တို့က သူတို့ကို (သိမ်းဖော)လို့ ခေါ်ကြပါတယ်။ 

တစ်ဆိပ်ကို တစ်အိပ်လုပ်တတ်တဲ့  နိုင်ငံရေးအမြတ်ရလိုမှု လုပ်ငန်းသမားတွေရဲ့ ဆောင်ရွက်မှုကို အားပေးတဲ့ မီဒီယာတွေကြောင့် အချို့ကိစ္စတွေက အထင်အမြင်တွေ လွှဲမှားစေပါတယ်။

လူမျိုးရေး ပဋိပက္ခအသွင်ကို အားပေးတဲ့ မီဒီယာတွေနဲ့ နိုင်ငံရေး အမြတ်ထုတ် လုပ်ငန်းသမားများရဲ့ ပရိုဂရမ်တွေ လို့ မြင်ပါတယ်။ ကချင်လူမျိုးနဲ့ ရှမ်းနီတို့ဟာ နှစ်ပေါင်းများစွာ  ဒေသတွင်း မိတ်ရင်းဆွေရင်းတွေ ဖြစ်ပါတယ်။

KIA ရဲ့ လုပ်ရပ်တွေကို ၁၉၆၁ ကနေ ယနေ့အချိန်ထိ သုတေသနပြုစစ်တမ်း ကောက်ရင် ရှမ်းနီလူမျိုးတွေအပေါ် လူမျိုးသုဉ်းစေလိုတဲ့ ဆန္ဒနဲ့ စေတနာကို ရှေ့တန်းတင်ပြီး အမျိုးမျိုး ရက်စက်ယုတ်မာမှုတွေကို တွေ့ရမှာဖြစ်ပါ တယ်။ ကျနော်တို့လူမျိုး ရှမ်းနီလုထုတွေ အပေါ်ထားတဲ့ သူတို့ရဲ့ ပင်ကိုယ်သဘောထားဟာ လုံးဝအနုတ်လက္ခဏာ ဆောင်ပါတယ်။ 

KIA တွေရဲ့  ရှမ်းနီလူထုအပေါ်  နှစ်ပေါင်းများစွာ လူမဆန်တဲ့ ရက်စက်မှုတွေကို မှတ်တမ်းနဲ့တကွ ချပြရှင်းလင်းဖို့ သူတို့တောင်းဆိုနေသလားလို့ ပြန်မေးခွန်း ထုတ်ချင်ပါတယ်။ လိုအပ်ရင် ရှင်းလင်းချပြဖို့ ရှမ်းနီမြို့ရွာ အသီးသီးက KIA ကြောင့် ကျရတဲ့မျက်ရည်တွေ ခုထိ မခမ်းခြောက်သေးပါဘူး။

အဲဒီအတွက်  ခံစားကြရတဲ့ ရှမ်းနီမိသားစုတိုင်းရဲ့ KIA အပေါ် ရွှံစိတ်၊ ကြောက်စိတ်တွေကို ကုစားဖို့ ဘယ် သတင်းဌာနတွေကို အားကိုးကြရပါမလဲ။ 

တကယ်တော့ အင်မတန် ချစ်စရာကောင်းတဲ့  ရှမ်းနီဒေသတွင်းက မိတ်ဆွေရင်း အလေ့အထတွေကို KIA  ပေါ်ပေါက်လာပြီးကတည်းက ရိုက်ချိုးခံထားကြရတယ်ဆိုတာ  အားလုံးသိသင့်ပါတယ်။ 

ကျနော်တို့ SNA က မတရားတဲ့ အဓမ္မဖိနှိပ်မှုတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ မတရားမှုတွေကို အားပေး ထောက်ပံ့သူတွေကို သတိပေးတာမျိုးတွေ ရှိတယ်။

ဒါပေမယ့်  ဘယ်လူမျိုး တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသော ပျက်စီးစေလိုသော ဆန္ဒသဘောထား မရှိပါဘူး။

နောက်တစ်ခုက SNA ဆိုတာ ရှမ်းနီအမျိုးသားများတပ်မတော်၊ ရှမ်းနီလက်နက်ကိုင်တပ် ဖြစ်ပါတယ်။

ဒေသတွင်း အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကွဲကွဲပြားပြား မြင်နိုင်ကြဖို့ လိုပါတယ်။  ဒေသတွင်း အခြေပြု ပြည်သူ့စစ်တပ်ဖွဲ့လား၊ အစိုးရ မြန်မာ့တပ်မတော် တပ်ဖွဲ့လား၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့လား ဆိုတာ မီဒီယာများကလည်း ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။

ဒီမှာ ပြုမူဆောင်ရွက်မှုတိုင်း၊ လုပ်ဆောင်တိုင်း ဘယ်သူ ဘယ်အဖွဲ့အစည်းက ဘာတွေ လုပ်ဆောင်တယ်ဆိုတာကို ဂဃနဏ သိရှိပြီး ပြည်သူလူထုကို သတင်းစကားပြောပြနိုင်မှာ ဖြစ်ပါတယ်။

မိမိ အဖွဲ့အစည်းအပေါ် မကြိုက် မလိုလားတဲ့သူရဲ့ သတင်းပေးပို့မှုဟာ မှန်ကန်တဲ့ သတင်းအရင်းအမြစ်ကိုဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။

ဒါကြောင့် အချို့အချက်အလက်များကို ဒေသတွင်း မြေပြင် အခြေအနေမှန်သိရှိဖို့ လိုအပ်ပါတယ်။

KIA -PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်

မေး ။       ။ တခြားတစ်ဖက်မှာလည်း KIA က SNA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဗန်းမောက်၊ ပင်လည်ဘူး တို့ကို PDF တွေနဲ့ ပူးပေါင်းပြီးတော့ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လုပ်တယ်၊ အဲမှာ ပင်လည်ဘူးနဲ့ ရွှေပြည်အေးကတော့ KIA က ထိန်းချုပ်သွားပြီး ကျန် ၂ မြို့နယ်ကို တိုက်ခိုက်နေ တယ်။ ဆိုတော့ အဲဒီဒေသတွေက စစ်ရေး-စီးပွားရေးအရ ဘယ်လောက် အရေးပါလို့လဲ၊ နောက်တစ်ခုက SNA ကြိုးပမ်းနေတဲ့ ရှမ်းနီနဲ့ ရှမ်းမျိုးနွယ်စုတွေ လွတ်မြောက်ရေးအတွက် ဘယ်လောက် အရေးပါတဲ့ ဒေသတွေဖြစ်လို့ လဲ။

ဖြေ ။        ။ ဒီနေရာမှာ ဒေသတွင်း လူမှုစီးပွားရေးအကြောင်း မပြောခင် မိမိတို့ SNA အကြောင်း အနည်းငယ် ပြောပါမယ်။

SNA ဆိုတာ မိမိတို့ ရှမ်းနီလူမျိုး အပါအဝင် ဒေသတွင်း ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေကို မခံမရပ်နိုင်ဖြစ်ရသလို ဆုံးရှုံးသွားတဲ့ မူလရပိုင်ခွင့်တွေကို ပြည်ထောင်စုအတွင်းက အခြားတိုင်းရင်းသားများ နည်းတူ ရရှိဖို့၊ ရရှိအောင် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် လက်ရှိမှာ ရှမ်းနီတို့ရဲ့ သမိုင်းအစဥ်အလာ ရှိခဲ့မှုနဲ့အတူ မိမိတို့ လူမျိုးအများစု နေထိုင်ရာ ဒေသတွေကို တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးစားနေပါတယ်။

ဒီနေရာမှာ မိမိတို့  ကာကွယ်စောင့်ရှောက်  ထိန်းသိမ်းရာ ဒေသတွေကို KIA နဲ့ တပည့်အပေါင်းပါ အဖွဲ့အစည်း တွေက မတရား ကျူးကျော်ဝင်ရောက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။

ခဏက ခင်ဗျားပြောတဲ့ ပင်လည်ဘူးနဲ့ ရွှေပြည်အေးဟာ သူတို့အတွက် ဒေသတွင်း ဗျူဟာကျတဲ့နေရာတွေ ဖြစ်ပါ တယ်။  ရွှေပြည်အေးဟာ ချင်းတွင်းမြစ်ကြောင်းရဲ့ အထက်အောက် စုန်ဆန်မဲ့ ရေကြောင်းကုန်စည်တွေကို ထိန်းချုပ်ထားခြင်းအားဖြင့် သူတို့ရဲ့ သြဇာကို ထိန်းထားတဲ့အပြင်  ဒေသတွင်း လူထုစီးပွားရေးကို လိုသလို ထိန်းချုပ်ထားနိုင်ပါတယ်။ 

ကချင်ပြည်နယ်ကနေ  ချင်းပြည်နယ် အဲဒီကနေ ရခိုင်ပြည်နယ် ပင်လယ်ထွက်ပေါက်အထိ လွယ်လင့်တကူ သွားလာ လှုပ်ရှားနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသ အတော်များများကို တိုက်ခိုက်သိမ်းပိုက်တဲ့ နေရာမှာ ပင်လည်ဘူးမြို့ ဟာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော်ကနေ အထက်ဘက်ကို ကချင်ပြည်နယ် လမ်းကြောင်းတွေ၊ ပင်လည်ဘူး ကနေ ခမ်းပတ်၊ တမူး အိန္ဒိယနယ်စပ်အထိ ဒီဒေသတွေကို သိမ်းပိုက်လိုက်ခြင်းအားဖြင့် မိမိတို့ အဖွဲ့အစည်း ချိနဲ့ သွားလိမ့်မယ်လို့ ယူဆသလို သူတို့ရဲ့ မူးယစ်ဆးဝါး အပါအဝင် လက်နက် စတဲ့ မှောင်ခိုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ဖို့ ခြေကုတ်နိုင်ဖို့ မတရားကျူးကျော်မှုတွေကို လုပ်နေကြတာ ဖြစ်ပါတယ်။ 

အဲဒီလုပ်ရပ်တွေဟာ ဒေသတွင်း မိမိတို့ ရှမ်းနီလူထုရဲ့ လူမှုဘဝတွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ လမ်းခရီး ကုန်စည်ကူးသန်းကြတဲ့အခါ အခက်အခဲများစွာ ဖြစ်ပေါ်စေပါတယ်။

မြစ်ကြောင်းမှာ အဆမတန် ငွေကြေးကောက်ခံတာတွေ၊ အလိုမကျရင် ရေယာဥ်တွေ လချီပိတ်တားတာတွေ၊ ဖမ်းဆီးတာတွေ၊ ထိုနည်းတူပဲ သူတို့ထိန်းချုပ်ရာ ကုန်တွင်းပိုင်း နေရာတွေမှာ မတရား အဆမတန် ငွေကြေး ကောက်တာတွေ အဆင်မပြေရင် ဖမ်းဆီးတာတွေဟာ ဒေသတွင်း ပြည်သူလုထုကို အများကြီး နစ်နာစေပါတယ်။

ဒါတွေကို ပုံမှန်အခြေအနေ တစ်ရပ်ဖြစ်အောင် ကျနော်တို့  ကြိုးစားနေပါတယ်။

 ရှမ်းနီလူငယ်များကို ရှမ်းနီအမျိုးသားများနေ့မှာ တွေ့ရစဉ်

မေး ။       ။ KIA က စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ရင် အိန္ဒိယနယ်စပ် ထွက်ပေါက်ရမယ်၊ ကချင်-စစ်ကိုင်း-ချင်း-ရခိုင် အနောက်မြောက်ဒေသ လွတ်မြောက်ရေးကို တည်ဆောက်ပြီး ရခိုင်ပင်လယ်ထွက်ပေါက်ကို အားကိုးမယ်။ ပြီးရင် SNA နဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုကို  ဟန့်တားပိတ်ဆို့ နိုင်မယ်လို့ တွက်ဆချက်တွေ ရှိတယ်။ ဒီယူဆချက်တွေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။        ။ ဒါက သူတို့ မျှော်လင့်လုပ်ကိုင် ဆောင်ရွက်လိုတဲ့ ယူဆချက်ပေါ့ဗျာ။ တကယ်တမ်းမှာ အဲဒီလောက် လွယ်ကူရှင်းလင်း မနေပါဘူးဗျ။ ပြီးတော့ သူတို့ရဲ့ မဟာဗျူဟာမြောက် အစီအစဥ်ဟာ  တစ်စုံတစ်ခုသော ပျက်စီး ဆုတ်ယုတ်နိုင်မဲ့ အခင်းအကျင်းဆီ ဦးတည်နေတယ်လို့ မြင်ပါတယ်။

ဒီနေရာမှာ "ရှမ်းနီတိုင်းရင်းသားတွေရဲ့ လူမျိုးစု လွှတ်မြောက်ရေး လှုပ်ရှားမှု "စကားရပ်ကို ပြင်ပြီးမေးစေချင် ပါတယ်။

ကျနော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံက တိုင်းရင်းသားများရဲ့ တန်းတူညီမျှ မူလ ရပိုင်ခွင့် အခွင့်အရေးကို ရရှိပိုင်ဆိုင်လိုတဲ့သူတွေ ဖြစ်ပါတယ်။

ယခုအခြေအနေတွေထဲက စောစောကပြောတဲ့ ဟာတွေကို အချိန်မီ မဟန့်တား မကာကွယ်နိုင်ဘူးဆိုရင်၊ လျစ်လျူ ရှုထားမယ်ဆိုရင် မိမိတို့ ရှမ်းနီအမျိုးသားများရဲ့ အခြေအနေထက် မြန်မာနိုင်ငံရဲ့ အမျိုးသားရေး၊ ပထဝီ နိုင်ငံရေး ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ 

တစ်ဘက်မှာ ပင်လယ်ထွက်ပေါက်ရှာ ကြိုးစားသလို သီးခြားလွှတ်မြောက်မှု အတွက်ပါ အစီအစဥ်တကျ လုပ်ကြဖို့ ဆိုတာ မြင်တွေ့နေရတဲ့အတွက်  ပြည်ထောင်စု မပြိုကွဲရေးဆိုတာ ပိုမိုပြီး မတောက်ပနိုင်တဲ့ အခြေအနေကို ရင်ဆိုင် ကြုံတွေ့ရကောင်း ကြုံတွေ့ကြနိုင်ပါတယ်။

ဒါဟာ ရှမ်းနီအရေးထက် ပိုအားစိုက်ရမဲ့ ပြည်ထောင်စုအရေး ဖြစ်ပါတယ်။ 

မေး ။       ။ လက်ရှိ မြန်မာ့‌နွေဦးတော်လှန်ရေးမှာ SNA က မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းနေတယ်၊ အားလုံးက ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းဘက်ကို ပူးပေါင်းနေတယ်လို့ စွပ်စွဲတာတွေလည်း တွေ့ရတယ်။ ဆိုတော့ SNA က တကယ် မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းနေတာလား၊ ဘာကြောင့် နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေတဲ့ KIA- PDF  တွေနဲ့ တိုက်ပွဲဖြစ်နေရတာလဲ။

ဖြေ ။        ။ နွေဦးတော်လှန်ရေးအပေါ် ဘာမှ မဝေဖန်လိုပါဘူး။ ကျနော်တို့ ရှမ်းနီလူမျိုး၊ ရှမ်းနီပြည်သူလူထုရဲ့ ပင်ကိုယ်သဘော စရိုက်လက္ခဏာကိုမှ အေးချမ်းစွာ နေထိုင်စားသောက်လိုပြီး အများစုက လယ်ယာလုပ်ငန်း ခွင်မှာ ပျော်မွေ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ 

သို့သော် မရားမှု၊ ဖိနှိပ်မှု၊ ရက်စက်မှု၊ လူ့လောကပါလ အခြေခံတရားတွေ ခေါင်းပါးစွာ ပြုမူဆက်ဆံခြင်း ခံရတဲ့ အခါ၊ သည်းခံနိုင်မှုစွမ်းရည် နည်းပါးလာတဲ့အခါ လက်နက်ကိုင်ပြီး ပြန်လည် တိုက်ထုတ်တွန်းလှန်ဖို့  အနေအထား ဖြစ်လာတာပါ။ အဲဒီလိုပဲ လက်ရှိအနေအထားမှာ ရပ်တည်လျက်ရှိပါတယ်။

ဒီလိုနေရာမှာ ကျနော်တို့  လူမျိုး၊ ကျနော်တို့ လူထု၊  ကျနော်တို့ဒေသနဲ့ နယ်မြေသမိုင်းကြောင်းအပေါ် ဘယ်သူတွေက ဖျက်ဆီးနေသလဲ၊ ဘယ်သူတွေက အားပေးနေသလဲ၊ ဘယ်သူတွေက စောင့်ကြည့်နေသလဲ၊ ဘယ်သူတွေက ကူညီပေးနေသလဲဆိုတဲ့ အချက်တွေဟာ ကျနော်တို့ လူမျိုးစုရဲ့ ရပ်တည်ရမဲ့ အခြေအနေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။

ကျနော်တို့ ရှမ်းနီလူထုရဲ့ အနာဂတ် မျှော်မှန်းချက်တွေကို ဘယ်အဖွဲ့အစည်းတွေက အားပေးထောက်ခံကြ သလဲဆိုတဲ့ အခြေအနေတွေက  ကျနော်တို့နဲ့ သဟဇာတဖြစ်မှုကို ဖော်ပြပါတယ်။ 

မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ အားလုံးအပေါ်၊ တစ်နိုင်ငံလုံးအပေါ် ကျနော်တို့ နားလည်နိုင်စွမ်းကို ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ယနေ့အချိန် ရှမ်းနီတွေရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေအနေကို တစ်ကြိမ်တစ်ခါမှ လှည့်ကြည့်ပေး နိုင်ကြသူ မရှိသလောက် ရှားပါတယ်။

ကျနော်တို့ လူထုအပေါ် မတရားစွာ ပြုကျင့်နေတဲ့ အဖွဲ့အစည်းရဲ့ လက်အောက်ကနေ အမိန့်ပေးတဲ့အတိုင်း အငှားလက်နဲ့ ရက်စက်နေသူတွေကိုတော့ ကျနော်တို့က မိမိတို့ကိုယ် ကာကွယ်ခွင့်အရ ပြန်လည် တိုက်ထုတ် ကြရမှာ ဖြစ်ပါတယ်။ 

အမှန်တကယ်က ကျနော်တို့ဟာ ကျနော်တို့ ဒေသအပေါ် မတရားသိမ်းပိုက်ပြီး ရှမ်းနီလူထုကို ဖိနှိပ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလွှဲလို့ ဘယ်သူနဲ့မှ တိုက်ပွဲမဖြစ်လိုပါဘူး။ 

ရှမ်းနီနယ်မြေကို ကာကွယ်ရမယ်လို့ SNA ကြွေးကြော်ထားစဉ်

မေး ။       ။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့ နိုင်ငံရေး အကျပ်အတည်းကို မြန်မာ့တပ်မ‌တော်ဘက်က ရွေးကောက်ပွဲ ကျင်းပပြီး ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအပေါ် SNA ရဲ့ ရပ်တည်မှုက ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ ။        ။ အမှန်တကယ်ဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ခုနှစ်က ရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ခဲ့တဲ့ အခြေခံဥပဒေအရ (၅)နှစ်တစ်ကြိမ်  အထွေထွေရွေးကောက်ပွဲက ပုံမှန် ဖြစ်နေမှာပါ။ 

အဲဒီမှာ အနိုင်ရပါတီက နိုင်ငံကိုဦးဆောင်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြပါလိမ့်မယ်။ ဒါက ပုံမှန်အခြေအနေပါ။ ယခုအခြေအနေကတော့ နိုင်ငံရဲ့ တော်တော်များများမှာ မငြိမ်သက်မှုတွေ၊ မအေးချမ်းမှုတွေဟာ အားကောင်း ကောင်းနဲ့ မောင်းနှင်နေပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်အာဏာကို ထိန်းသိမ်းဆောင်ရွက်မှုဟာ အဲဒီအရှိန်တွေကို အကုန်အစင် မဆောင်ရွက်နိုင်သေးပါဘူး။

သို့သော် အနေအထားဟာ ရွေးကောက်ကျင်းပပြီး လက်ရှိနိုင်ငံတော်ကို ပြန်လည်တည်ဆောက်နိုင်မဲ့ အနေအထား ဖြစ်ပါတယ်။

“သူတစ်လူ ငါတစ်မင်း” ဖြစ်နေမှုကို ပြန်လည်ကုစားဖို့အတွက် ရွေးကောက်ပွဲဟာ မပြည့်စုံပေမဲ့ အိမ်မကြီးထဲဝင်ဖို့ တံခါးပေါက်ကြီး ဖြစ်ပါတယ်။ အိမ်ထဲဝင်ဖို့ လှေခါးကတော့ လောလောဆယ် တပ်မတော်က တာဝန်ယူနေတယ် လို့ မြင်ပါတယ်။ အဲဒီတော့ ရသလောက်လုပ်ရင်း အရွေ့တစ်ခု စတင်နေပြီလို့ မြင်ပါတယ်။ 

မေး ။       ။ မြန်မာနိုင်ငံမှာ လူမျိုးစုလွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး တွေ ရရှိဖို့အတွက် မျိုးနွယ်စုတိုင်း နီးပါးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြတယ်။  SNA ကလည်း ရှမ်းနီနဲ့ ရှမ်းမျိုးနွယ်စုများ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှမှု ရရှိရေးကို လုပ်နေတယ်။ ဆိုတော့ ဒီလုပ်ငန်းစဉ် တွေရဲ့ အမာခံက လူထုထောက်ခံမှုရှိဖို့ လိုတယ်လို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ SNA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ရှမ်းနီလူထုတချို့က မေးခွန်းထုတ်တာတွေ တွေ့ရတယ်၊ ဘာကြောင့်လဲ။

ဖြေ ။        ။ ကျွန်တော်တို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှာ  စစ်သည်တော်တိုင်း ကျင့်ကြံလိုက်နာကြရမဲ့ ကျင့်ဝတ်အချက် (၉၀)ရှိပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုကို ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတာ အလေးအနက် ထည့်သွင်းပြီး ဖြစ်ပါတယ်။ 

ဒါတွေကို အခြေခံ စစ်သင်တန်းမှာကတည်းက တိကျစွာလိုက်နာကြဖို့ သိရှိပြီး လက်တွေ့ကျင့်သုံးလျက် ရှိပါတယ်။

မိမိတို့ဟာ ပြည်သူလူထုက ပေါက်ဖွားလာတာနဲ့အညီ ပြည်သူလူထုသာ “အမိအဖ”ဖြစ်ကြောင်းကို ခံယူကျင့်သုံး လျက်ရှိပါတယ်။ အမျိုးသားရေးလုပ်ငန်းစဥ်တွေ တည်ဆောက်ကြတဲ့အခါ ပြည်သူ ထောက်ခံမှုဟာ အရေးကြီး ပါတယ်။ အဲဒီအတွက်လည်း အတတ်နိုင်ဆုံး ပြည်သူလူထုက အထင်အမြင် လွှဲစရာတွေကို ဂရုပြုရှောင်ရှားပါ တယ်။

သို့သော် အရောင်ဆိုးခြင်း ခံကြရတဲ့ အချို့ပြည်သူတွေရဲ့ အမြင်မှာ မိမိတို့ SNA ဘာလုပ်လုပ် အပြုသဘော မြင်နိုင် ဖို့ ခက်ခဲနေပါတယ်။ အဲဒီအတွက်ကလည်း အချိန်တစ်ခု ပေးရပါမယ်ဗျ။ ဒီလိုအချိန်မှာ မိမိတို့ရဲ့ အချို့သော တပ်ဖွဲ့ ဝင်တွေရဲ့ “မချေ မငန်” ဆက်ဆံရေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကိုလည်း မိမိတို့ အမျိုးသားရေး ဖွံ့ဖြိုး တိုးတက်စေလိုမှုအပေါ် သဘောထားကြီးစွာနဲ့ နားလည်ပေးစေလိုပါတယ်။ 

အဲဒီလိုကိစ္စတွေ ရှိခဲ့ရင်လည်း ဒီနေရာကနေ သက်ဆိုင်သူများကို တောင်းပန်စကား ဆိုပါရစေဗျ။ ပြည်သူ အားပေး မှု၊ ထောက်ခံမှုဟာ ကျနော်တို့ အဖွဲ့အစည်းအတွက် ခွန်အားတစ်ရပ် ဖြစ်ပါတယ်။  ဒီလို အခြေအနေမှာ SNA နဲ့ ပြည်သူများအကြား ဘယ်လို အဖုအထစ်မှ မရှိသလို အရောင်ဆိုးပြီး စည်းလုံးညီညွတ်ရေး ပျက်ပြားစေမဲ့ ဘယ် လုပ်ရပ် ပြုမူမှုမဆို ကန့်ကွက် ရှုံ့ချပါတယ်ဗျ။။ 

ရှမ်းနီအမျိုးသားနေ့ ကျင်းပနေစဉ်

မေး ။       ။ နောက်ဆုံး မေးချင်ပါတယ်။ SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက လူထုကို လက်နက်အားကိုး အနိုင်ကျင့်မှုတွေရှိတယ်လို့ ပြောကြဆိုကြတာတွေလည်း ကြားရတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီ ပြောဆိုမှုတွေက တကယ် ဟုတ်/မဟုတ်တော့ မပြောလိုပေမယ့် အဲလိုတွေ အနိုင်ကျင့်မှု မရှိဖို့တော့ လိုအပ် မယ်လို့ ယူဆကြပါတယ်။ ဒီအခြေအနေအပေါ် ဘာပြောနိုင်ပါလဲ။

ဖြေ ။        ။ ဟုတ်ကဲ့ဗျ။ ခဏက ပြောသလိုပေါ့ဗျာ။ ကျနော်တို့ဟာ မိမိတို့ ဒေသတွင်းမှာ အတူနေကြတာ အများ စုက ရှမ်းနီတွေ ဆိုသော်လည်းပဲ အခြားလူမျိုးစုံ ရှိကြပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာလေး ရှိပါတယ်။ SNA ထိန်းချုပ်နယ်မြေဆိုပေမဲ့  ဒေသတွင်းနေ အားလုံး SNA ကို ချစ်နေတယ်လို့တော့ ပြောလို့မရပါဘူး။

နှစ်သက်ရာ ပါတီစုံခေတ်မှာ မိမိကြိုက်နှစ်ရာကို အားပေးကြတာက ဓမ္မတာပါ။

မိမိ မကြိုက်နှစ်သက်တဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဥ် ဘယ်လောက်ကောင်း နေပေမယ့် အပြစ်မြင်တတ်ကြသလို၊ မိမိကြိုက်နှစ်သက်တဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဥ် လွှဲချော်မှားယွင်းနေပေမယ့် အပြစ်ပြောဖို့ ဝန်လေးကြတဲ့အပြင် တစ်ချို့အရာတွေကို ဖုံးဖိထားပေးကြတာမျိုးကလည်း ယနေ့ အခါမှာ လူ့သဘာဝတွေလို ဖြစ်နေပါတယ်။ 

ဒါကြောင့်မို ကျနော် စောစောက ပြောကြားခဲ့သလို တစ်ဆိပ်ကို တစ်အိပ်လုပ်လေ့ရှိတဲ့ လူ့သဘာဝ အနေအထား မှာ မိမိအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်နိုင်ရေးဟာ သတိကြီးစွာ ထားပြီး လုပ်ကိုင်ရပါတယ်။ အမှန်တကယ် ပြည်သူ့ ထောက်ခံမှုမရှိရင် ကျနော်တို့ ဘယ်လိုမှ ရပ်တည်လို့ မရပါဘူး။

ကျနော်တို့ ယနေ့ (နှစ်ပေါင်း-၃၆ နှစ်)ကျော် ဖြတ်သန်းလာတာဟာ  ရှမ်းနီပြည်သူလုထု ထောက်ခံအားပေးမှု ကြောင့်ပါ။ ဒါကြောင့် လူထုအပေါ် ဘယ်တော့မှ လက်နက်နဲ့ အနိုင်ကျင့် ဗိုလ်ကျတဲ့ အလုပ်မျိုးကို မလုပ်ခဲ့သလို။ လက်ရှိမှာလည်း မရှိပါဘူး။ နောင်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။

ကျနော်တို့ SNA အဖွဲ့အစည်းဟာ ပြည်သူလူထုရဲ့ ဝန်ထုတ်ဝန်ပိုး ဘယ်တော့မှ မဖြစ်သလို ပြည်သူလူထုအပေါ် ရိုင်းပြစွာ အနိုင်ကျင့်မဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ထပ်လောင်း ပြောပါမယ်။ 

အကယ်၍ အခြေအနေအရ မခြေမငန် အနေအထားကို ကြုံခဲ့ကြရင်လည်း  အမျိုးသားရေး ရှေ့တန်းတင်ပြီး သည်းခံခွင့်လွှတ် နားလည်ကြဖို့ ပြောကြားလိုပါတယ်။ 

အချို့တပ်ဖွဲ့ဝင်များရဲ့ လူထုအပေါ် မလေးမစား ဖြစ်သွားသော ဆက်ဆံရေးများအတွက် ယခုစကားဝိုင်းမှ  အနူးအညွှတ် တောင်းပန်ပါတယ်။

မပြေလည်တဲ့ အခြေအနေတွေ ရှိလာခဲ့ရင် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အမြန်ဆုံး ဖြေရှင်း လုပ်ကိုင်ဖို့ ကျ‌နော်တို့မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ညှိနိူင်းပေါင်းစပ်ရေးကော်မတီ(CMRCC)ကို ဖွဲ့စည်းထားပါတယ်။

လူထုအချင်းချင်း ကိစ္စရပ်တွေ၊ တပ်ဘက်-အရပ်ဘက် ကိစ္စရပ်တွေကို သမ္မာသမတ်ကျကျ  ဆောင်ရွက်လျက် ရှိပါတယ်။ ဒေသတွင်း ပြည်သူလူထုထဲမှာ မိမိတို့ အဖွဲ့အစည်းနဲ့ ပိုမိုချစ်ကြည်ရင်းနှီးတဲ့ မိသားစုဝင်တွေအဖြစ် ပုံဖော် ကြိုးစားနေပါတယ်။ အဲဒီလို စည်းလုံးညီညွှတ်တဲ့ ခွန်အားနဲ့ ရှမ်းနီတွေရဲ့ အနာဂတ်ကို ပုံဖော်ဖန်တီး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။