CNI Interview 

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့နောက် ရွေးကောက်ပွဲကို ကာကွယ်ပေးမည့် ဥပဒေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များအတွက် ကျင်းပသွားမည့် ရွေးကောက်ပွဲစနစ်ပုံစံကို ပြဋ္ဌာန်းသည့် ဥပဒေများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

တခြားတစ်ဖက်မှာလည်း မဲပေးရမည့် စက်ခလုတ်အပေါ် ယုံကြည်မှုများ ကျဆင်းနေသလို လုံခြုံရေးစိုးရိမ်မှုများ လည်း ဖြစ်နေကြသည်။ အလားတူ ရွေးကောက်ပွဲကျင်းပမည့် စနစ်များက ရှုပ်ထွေးနေသည့်အပေါ်လည်း အားမလို အားမရမှုများ ဖြစ်ပေါ်နေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ရွေးကောက်ပွဲ မဲထည့်ရန် ပြင်ဆင်နေစဉ်

မေး ။           ။ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို PR နဲ့ ကျင်းပမယ်လို့ ထင်ကြခဲ့ပေမယ့် FPTP စနစ်နဲ့ပဲ ကျင်းပမယ်လို့ ဆိုတဲ့အပေါ် အငြင်းပွားမှုတွေရှိနေပါတယ်။ ဘယ်လိုကြောင့် FPTP စနစ်နဲ့ပဲ ကျင်းပဖို့ ဆုံးဖြတ် လိုက်တာလဲ သိလိုပါတယ်။

ဖြေ ။          ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ တွင် မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ပြဋ္ဌာန်းချက်အရ မြို့နယ်အလိုက် FPTP စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးကို ရွေးကောက် တင်မြှောက်ရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မေး ။           ။ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်ကိုတော့ PR ရော FPTP ရော အရောစနစ်နဲ့ ကျင်းပမယ်လို့ တွေ့ရပါတယ်။ အဲတော့ လူတစ်ကိုယ် မဲတစ်ပြားဆိုတာ မဟုတ်တော့ဘဲ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရတော့ မလို ဖြစ်သွားတော့ မဲပေးရမယ့် လူတွေအတွက် ရှုပ်ထွေးမှုတွေ မဖြစ်စေနိုင်ဘူးလား။ ဘာကြောင့် အခုလို စနစ် ၂ မျိုး ရောပြီး ကျင်းပဖို့ လိုအပ်တာပါလဲ။

ဖြေ ။          ။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကို FPTP စနစ်အပြင် PR စနစ် ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP) ကျင့်သုံးဖို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ မဲဆန္ဒရှင်က တစ်မဲပဲ ပေးရမှာဖြစ်ပါတယ်။ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရခြင်း မဟုတ်ပါ။

မဲဆန္ဒရှင်တွေအတွက်လည်း ရှုပ်ထွေးမှုလည်း မရှိပါ။ FPTP စနစ်ရဲ့ အားသာချက်နဲ့ PR စနစ်ရဲ့ ကောင်းကျိုး ရရှိ နိုင်တဲ့စနစ် ဖြစ်ပါတယ်။ FPTP နဲ့ ကိုယ်စားလှယ်မရခဲ့ရင်တောင် PR နဲ့ အချိုးကျ ကိုယ်စားလှယ် ရနိုင်တဲ့စနစ် ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီကို FPTP နဲ့ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်ကိုလည်း FPTP နဲ့ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။

 မဲပေးမယ့် စက်ကို နိုင်ငံရေးပါတီများကို ရှင်းပြနေစဉ်

မေး ။           ။ လာမယ့် ရွေးကောက်ပွဲ မဲပေးရမယ့်စနစ်က စက်ခလုတ်နဲ့ဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အခြေခံ လူတန်းစား များပြားသလို သက်ကြီးရွယ်အိုပိုင်းကလည်း နည်းပညာ တက်သိနားလည်မှု အားနည်းတဲ့ အတွက် ဒီလို စက်ခလုတ်နဲ့ မဲပေးခိုင်းခြင်းက လူထုအတွက် ရှုပ်ထွေးမှုဖြစ်ပြီး မဲမပေးတာတွေ များမလာနိုင်ဘူး လား။ 

ဖြေ ။          ။ လာမည့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲရုံအားလုံးမှာ MEVM အီလက်ထရောနစ် မဲပေးစက်တွေ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မဲပေးစက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဆောင်ရွက်လျက်ရှိပါတယ်။

မဲဆန္ဒရှင် ပြည်သူများ မဲပေးစက်နဲ့ကျွမ်းကျင်စွာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ မီဒီယာကတစ်ဆင့် အသိပညာပေး အစီအစဉ်တွေလည်း ဆောင်ရွက်နေပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေက ရိုးရှင်းလွယ်ကူစွာ ခလုတ် နှိပ်ပြီး မဲပေးနိုင်တဲ့စနစ် ဖြစ်ပါတယ်။ လူထုအတွက် ရှုပ်ထွေးမှု၊ ခက်ခဲမှု မဖြစ်နိုင်ပါ။

မေး ။           ။ စက်ခလုတ်နဲ့ မဲပေးမှုက နည်းပညာအရ ရလဒ်တွေကို ပြောင်းချင်သလို ပြောင်းလို့ရတယ်၊ ဒါကြောင့် ယုံကြည်ဖို့ ခက်ခဲတယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရလဒ်တွေအတိုင်း ဖြစ်နိုင်ဖို့အတွက် အခု မဲပေးမယ့်စက်က ဘယ်လို တာဝန်ခံနိုင်ပါသလဲ။

ဖြေ ။          ။ မေးခွန်းထဲပါသလို စက်ခလုတ်နဲ့မဲပေးမှုက နည်းပညာအရ ရလဒ်တွေကို ပြောင်းချင်သလို ပြောင်း လို့ရတယ်ဆိုတာ မဟုတ်ပါ။ မဲဆန္ဒရှင်က မဲပေးထားချက်အတိုင်း စက်က မှတ်တမ်းယူမှာဖြစ်ပြီး အဲဒီအတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ကိုယ်ုတိင်လည်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ရွေးကောက်ပွဲကို မလိုလားသူတွေကတော့ “မယုံကြည် ဘူး” တို့ “မှန်ကန်တဲ့ရလဒ် မဖြစ်နိုင်ဘူး”တို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒီမဲပေးစက်တွေရဲ့ ယုံကြည်စိတ်ချရမှု အဆင့်အတန်းက ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်တယ်။ မဲပေးထားတဲ့အတိုင်း စက်ကဖော်ပြတယ်။ အမှားအယွင်းမရှိ ဘူး။ လွယ်ကူ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်တယ်။ 

မှန်ကန်တဲ့ မဲရလဒ်ကိုလည်း မိနစ်ပိုင်းအတွင်း ထုတ်ယူပြီးတော့ အပြန်အလှန် စစ်ဆေးနိုင်တယ်။ မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ မပါဝင်ပါ။ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS)များ မပါဝင်ပါ။ မိုက်ခရို ကွန်ထရိုလာစနစ်ဖြစ်သည့်အတွက် အလွန်ရိုးရှားပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စံချိန်စံညွှန်း ဥပဒေ (၂၀၁၄)နှင့်အညီ မဲပေးစက် အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်ထားတဲ့အတွက် ရွေး‌ကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေ အတွက် ယုံကြည်စိတ်ချရမှုနဲ့ တာဝန်ခံမှုရှိပါတယ်။

တပ်မတော်သားတစ်ဦးနဲ့မဲပုံးတွေကို တွေ့ရစဉ်

မေး ။           ။ နောက်တစ်ခုက တပ်တွင်း မဲရုံတွေကို အပြင်ထုတ်သွားဖို့ရှိပါသလား၊ တပ်တွင်းမှာပဲ မဲပေးရမှာလား သိလိုပါတယ်။ 

ဖြေ ။          ။ ရွေးကောက်ပွဲ ဥပဒေမှာရော နည်းဥပဒေမှာရော “တပ်တွင်းမဲရုံ”ဆိုတဲ့ ဝေါဟာရ မရှိပါဘူး။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ(က)တွင် “ကော်မရှင်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ထားရှိမည့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေနှင့် ဒေသအခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင် သည် သို့မဟုတ် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့လည်း တာဝန်ပေးအပ်နိုင်သည်”ဟု ပြဋ္ဌာန်းထားပါ တယ်။

မဲဆန္ဒရှင် အင်အားနဲ့ နယ်မြေဒေသ အကွာအဝေးပေါ် မူတည်ပြီးတော့ မဲရုံနေရာများကို သတ်မှတ်ခြင်းဖြစ်တဲ့ အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ နေထိုင်ကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (မသန်စွမ်းသူများ အပါအဝင် ) လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး၊ သတ်မှတ်မဲပေးချိန်အတွင်း မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြု နိုင်ရေးတို့ကို ရှေးရှုပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ 

မဲရုံနေရာနဲ့ မဲရုံအရေအတွက်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆန္ဒမဲပေးခြင်းကို စောင့်ကြည့်ခွင့် ရှိပါတယ်။ ယခင်ကတည်းက နည်းဥပဒေမှာ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ 

မေး ။           ။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထု မဲပေးခွင့် မဆုံးရှုံးရစေဖို့အတွက် ရောက်တဲ့ အရပ် ဒေသမှာ မဲပေးနိုင် ခွင့်ရှိပါသလား၊ သို့မဟုတ် ကိုယ်မွေးဖွားရာ အရပ်ဒေသမှာပဲ မဲပေးခွင့်ရှိတယ်လို့ သတ်မှတ်ထား ပါသလား သိလိုပါတယ်။

ဖြေ ။          ။ ပြည်သူလူထု မဲပေးခွင့် မဆုံးရှုံးစေဖို့ကိစ္စက အရေးကြီးပါတယ်။ မိမိရဲ့ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) စာရင်းပေါက်တဲ့ နေရာမှာ မဲစာရင်းပါမှာဖြစ်ပါတယ်။ 

သို့သော် မဲစာရင်းပါရှိရာ ဒေသကနေ ရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေထိုင်ပြီးဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်စုမှာ မဲပေးနိုင်ဖို့အတွက် နည်းဥပဒေပြဋ္ဌာန်းပေးထားပါတယ်။ ပုံစံ(၃-က)နဲ့ လျှောက်ထားပြီး ရောက်ရှိတဲ့ နေရာမှာ မဲပေးခွင့်ရရှိုဖိ့ ဆောင်ရွက်ပေးထားပါတယ်။

ပြည်သူများ မဲပေးရန် လုပ်နေစဉ်

မေး ။           ။ ရောက်တဲ့အရပ်ဒေသမှာ မဲပေးခွင့်ရှိတယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင် သို့မဟုတ် စမတ်ကဒ် ပြတာနဲ့ မဲပေးခွင့်ရှိတာလား သို့မဟုတ် တခြား ဘယ်လို အထောက်အထား စာရွက်/စာတမ်းတွေ လိုအပ်မလဲ သိလိုပါတယ်။

ဖြေ ။          ။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးခွင့်ရရှိဖို့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့် ပြီး ဖြစ်ရမယ်။ နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်ရလက်မှတ် တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရပါမယ်။ မဲစာရင်းမှာ ပါသူလည်းဖြစ်ရပါမယ်။ မဲရုံမှာ မဲပေးဖို့အတွက် မိမိကိုင်ဆောင်ထားတဲ့ ဥပဒေအရ နိုင်ငံ သားဖြစ်ကြောင်း အထောက်အထားဖြစ်တဲ့ နိုင်ငံသားကတ် ပြသရမှာ ဖြစ်ပါတယ်။

မေး ။           ။ နောက်ဆုံး မေးမြန်းလိုတာကတော့ လာမယ့် ရွေးကောက်ပွဲအပေါ် လုံခြုံရေးစိုးရိမ်မှုက အလွန် ကြီးမားတဲ့အတွက် မဲရုံကို မဲလာပေးကြဖို့ ခက်ခဲနိုင်တယ်။ ဒီလိုဆိုရင် မဲပေးတဲ့နှုန်းက တော်တော် နည်းနိုင်တယ် လို့ ဆိုကြတော့ လုံခြုံရေးအာမခံချက် ဘယ်လိုပေးနိုင်ပါသလဲ၊ မဲရုံကို လာမှ မဲပေးနိုင်တာမျိုး မဟုတ်တဲ့ တခြား သော မိမိ အိမ်အတွင်းကနေဖြစ်စေ မိမိရောက်နေတဲ့ နေရာကနေဖြစ်စေ မဲပေးလို့ရတဲ့ စနစ်ကိုရော ဖော်ဆောင် သွားဖို့ ရှိပါသလား သိလိုပါတယ်။

ဖြေ ။          ။ ရွေးကောက်ပွဲအတွက် လုံခြုံရေး အရေးကြီးပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေးအတွက် နိုင်ငံတော် အစိုးရနဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ ဥပဒေအရ ဆန္ဒမဲပေးရန် လုံခြုံမှု အခြေအနေ မရှိလျှင် ယင်းမဲဆန္ဒနယ်ရဲ့ ‌ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားလို့ရပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကိစ္စတွေကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဥပ‌ဒေအရ ကြိုတင်မဲပေးသူ စာရင်းမှာ အကျုံးဝင်ရင် ကြိုတင်မဲပေးခွင့်ရှိပါတယ်။ ကြိုတင်မဲပေးဖို့ အကျုံးမဝင်ဘူးဆိုရင်တော့ မဲရုံမှာပဲ မဲပေးရမှာ ဖြစ်ပါတယ်။ နေအိမ်ကနေ ကြိုတင်မဲပေးဖို့အတွက်ကတော့ အနာ ကြီး ရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ နေအိမ်တွင် သားဖွားနေသူ များကိုသာ ဥပဒေက ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။