CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပရန် စီစဉ်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ပါတီ မှတ်ပုံတင်ထားရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် သတ်မှတ်ချက်နှင့်မကိုက်ညီ၍ ၃ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဖျက်သိမ်းလိုက်သည်။

ထို့ပြင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်မပြိုင်နိုင် လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEU)က CNI သတင်းဌာနသို့ ပြောသည်။

မေး ။        ။ ရွေးကောက်ပွဲက အပိုင်း(၁)ကို စတင် ကျင်းပမှာဖြစ်တဲ့အတွက် အပိုင်း(၁) ကျင်းပမယ့် ကာလ အတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီက ကိုယ်စားလှယ် လောင်း အမည်စာရင်း ၄၁၄ ဦး တင်သွင်းရမယ့်ထဲမှာမှ ဘယ်နှဦးကို တင်သွင်းနိုင်ရင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရှိပါသလဲ။ 

ဖြေ ။         ။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ထုတ်ပြန်ထားသည့် မြို့နယ် ၁၀၂ မြို့နယ်အတွက်သာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်စွဲနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်း ရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂(က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော် (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက် တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မေး ။        ။ ပြည်ထောင်စုအဆင့် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီက မဲဆန္ဒနယ်ရဲ့ထက်ဝက်ကို အမည်စာရင်း တင်သွင်းရမယ်ဆိုတာက မြို့နယ် ၃၃၀ အနက် ထက်ဝက်ကိုပြောတာပါလား သို့မဟုတ် အပိုင်း(၁) ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာပါလား သိလိုပါတယ်။ 

ဖြေ ။        ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်း ရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည် နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အပိုင်း(၁) ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာမဟုတ်ပါဘူး။

မေး ။        ။ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၄၁၄ ဦးကို UEC က သတ်မှတ်ထားတဲ့ ရက်အတွင်း တင်ပြနိုင်မှု မရှိဘူးဆိုရင် အဲဒီပါတီက ဘယ်လို ဆက်ဖြစ်မှာပါလဲ သိလိုပါတယ်။ ဥပမာ- ပါတီက ဖျက်သိမ်းခံလိုက်ရမှာလား သို့မဟုတ် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ခံရမှာလား။

ဖြေ ။        ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ် အားလုံး ၏ ထက်ဝက်ဖြစ်တဲ့ မဲဆန္ဒနယ် ၄၁၇ နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။

မေး ။        ။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် ကန့်သတ်မှုတွေဟာ ဒီမိုကရေစီစနစ်နဲ့ နှိုင်းယှဉ်ပါက လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်လို့ ဒီမိုကရေစီစနစ်နဲ့ သဟဇာတမဖြစ်ဘဲ ဖြစ်နေကြောင်း ထောက်ပြမှုတွေရှိပါတယ်၊ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ 

ဖြေ ။        ။ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော် နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအတွက် လွှတ်တော်အတွင်း ဥပဒေပြုရေးကဏ္ဍများကို ‌ဆောင်ရွက် ရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်များဟာ အရည်အချင်းရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ပြည်သူလူထုအကျိုး၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူတွေ ဖြစ်ဖို့လိုပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်ရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

မေး ။       ။ နောက်ဆုံး မေးမြန်းလိုတာကတော့ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ ခြေလှမ်းလို့ဆိုကြပါတယ်။ သို့သော်လည်း UEC ရဲ့ သတ်မှတ်ချက် တွေနဲ့ ကန့်သတ် စည်းမျဉ်းတွေက ပါတီမစုံအောင် လုပ်နေသလားဆိုပြီး ထောက်ပြနေကြတာတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ UEC နဲ့ နိုင်ငံရေးပါတီတွေကြား ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းမှုတွေ လုပ်သွားဖို့ ရှိ/မရှိ သိလိုပါတယ်။

ဖြေ ။        ။ နိုင်ငံရေးပါတီများ၏ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်များ ဆောင်ရွက်ရာမှာ လွယ်ကူ အဆင်ပြေစေဖို့ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြီး သတ်မှတ်ချက်များကို ဖြေလျော့ ပေးခဲ့ပါတယ်။

တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး အဆိုပါ နိုင်ငံရေးပါတီများ အားလုံးဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်း ချက်များအညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ အခါအားလျော်စွာ တွေ့ဆုံပြီး နိုင်ငံရေးပါတီများမှ တင်ပြချက်များကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။