ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၇

အီရတ်နိုင်ငံရှိ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသတွင် အစ္စရေး၏ စပိုင်ဌာနချုပ်ကို အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံတွင် အိုင်အက်စ် စစ်သွေးကြွများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု အီရန်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ယခုကဲ့သို့ တိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းဒေသအနှံ့ ပဋိပက္ခများ ဖြစ်ပွားမည့်အရေးကို စိုးရိမ်မှုများ ပိုမိုမြင့်တက်စေခဲ့သည်။

အီရတ်ရှိ မော့ဆက်ဌာနချုပ် တိုက်ခိုက်ခံရစဉ်

"မကြာသေးခင်က အီရန်ထိပ်သီး တပ်မှူးတစ်ဦးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တပ်မှူးတွေကို သတ်ဖြတ်ခဲ့တဲ့ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံ ကာ့ဒ်ဒေသမှာရှိတဲ့ အစ္စရေး ထောက် လှမ်းရေးအဖွဲ့ မော့ဆက် (Mossad) ရဲ့ ဌာနချုပ်တွေထဲက တစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်" ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို အစ္စရေး အစိုးရအရာရှိများက ချက်ချင်းတုန့်ပြန်ခဲ့ခြင်း မရှိပေ။ 

ကာ့ဒ်ဒေသရှိ အာဘီလ် (Erbil) မြို့တော်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးအနီးရှိ လူနေရပ်ကွက်များ၏ အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုများအပြင် အီရန်တပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် စစ်သွေးကြွများ အပါအဝင် အီရန်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

သေဆုံးသွားပြီးဖြစ်သည့် အီရန်တပ်မှူး ဆိုလေမာနီကို တွေ့ရစဉ်

အိုင်အက်စ်အဖွဲ့သည် အီရန်တွင် ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည့် ဖောက်ခွဲတိုက်ခိုက်မှုနှစ်ခုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ခံ ထွက်ဆိုခဲ့သည်။

အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အီရန်ထိပ်သီးတပ်မှူး ကက်ဆမ် ဆိုလေမာနီ (Qassam Soleimani) ၏ ဝမ်းနည်းအောင့်မေ့ဖွယ် နှစ်ပတ်လည် အခမ်းအနားတွင် အိုင်အက်စ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

အီရန်ကမူ မိမိတို့ အာဇာနည်များ၏ နောက်ဆုံးသွေးစက်များ မကုန်မခမ်းမချင်း လက်တုန့်ပြန်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ထိုးစစ်ဆန်သည့် စစ်ဆင်ရေးများကို ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ