CNI International News
တီဟီရန်၊ ဇွန်လ ၂၈
ပြည်ပနိုင်ငံများတွင် နေထိုင်သော အီရန်၏ ကာ့ဒ်အတိုက်အခံများက လတ်တလော အစ္စရေးနှင့်စစ်ပွဲအပြီးတွင် အီရန်အစိုးရအဖွဲ့ အင်အားနည်းလာနိုင်ဖွယ်ရှိသည့် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲမှုနှင့်အတူ အဆုံးသတ်ခဲ့သော ၁၂ ရက်ကြာ ပဋိပက္ခတွင် အီရန် နျူကလီးယားစက်ရုံများကို အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်ခဲ့ကြသည်။
အချို့သော ကာ့ဒ်အုပ်စုများက ထိုစစ်ပွဲသည် အီရန်အစိုးရကို ပြုတ်ကျစေလိုသည့် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ပေါ်စေရန် အခွင့်အလမ်း ရှိလာနိုင်ကြောင်း ယူဆထားကြသည်။
သို့သော် အခြေအနေသည် မသေချာသေးဘဲ အန္တရာယ်များ နေသေးသဖြင့် အလျင်အမြန် လုပ်ဆောင်ခြင်းမပြုဘဲ သတိထား စောင့်ကြည့်နေသည်ဟု ဆိုသည်။
ကာ့ဒ်ခေါင်းဆောင်ကိုတွေ့ရစဉ်
ကာ့ဒ်အုပ်စုဝင် အများစုသည် အီရတ်မြောက်ပိုင်း ကာ့ဒ်ဒေသတွင် အခြေစိုက်ပြီး ၎င်းတို့သည် အီရတ်နှင့်အီရန် အစိုးရများနှင့် ကာလကြာရှည် တင်းမာသော ဆက်ဆံရေးများရှိသည်။
၂၀၂၃ ခုနှစ်တွင် အီရတ်နှင့် အီရန်တို့သည် ထိုအဖွဲ့များကို လက်နက်ဖျက်သိမ်းရန်နှင့် စခန်းများကို ပြောင်းရွှေ့ပြီး အသွားအလာ ကန့်သတ်ရန် သဘောတူညီခဲ့သော်လည်း ကာ့ဒ်အဖွဲ့များက ၎င်းတို့၏ လက်နက်များကို အပြည့် အဝ ဖျက်သိမ်းသွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။
အီရန် ကာ့ဒ်အဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင်များကလည်း ၎င်းတို့သည် လက်နက်ကိုင် တိုက်ခိုက်ရေးထက် နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းရန် အာရုံစိုက်ထားကြောင်း အေပီသတင်းကို ပြောပြခဲ့သည်။
ပုန်ကန်ထကြွရန် ပြင်ဆင်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ ကာ့ဒ်အဖွဲ့များက အသေးစိတ် ဖြေကြားခဲ့ခြင်း မရှိပေ။
ထိုပဋိပက္ခသည် အမေရိကန်နှင့် အီရန်တို့၏ လုံခြုံရေးအတွက်ဖြစ်ပြီး ကာ့ဒ်များ၏ အခွင့်အရေးများအတွက် မဟုတ်ကြောင်း ကာ့ဒ်လွတ်လပ်ရေးပါတီ (PAK) မှ ပြောရေးဆိုခွင့်ရှိသူ ခါလီနာဒီရီ(Khalil Naderi)က ပြောကြားခဲ့သည်။
Source: အေပီ