တရုတ်နှင့်နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းရန် အိန္ဒိယ ကြိုးပမ်း

CNI International News

နယူးဒေလီ၊ ဇွန်လ ၂၈

အိန္ဒိယနှင့် တရုတ်နိုင်ငံအနေဖြင့် ဆယ်စုနှစ်ကြာ နယ်စပ်အငြင်းပွားမှုအတွက် ရေရှည်ဖြေရှင်းချက် တစ်ရပ်ရရှိရန် ကြိုးပမ်းသင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်ဆင်း (Rajnath Singh)က တရုတ်ကာကွယ်ရေး ဝန်ကြီး တုံးကျွင်း (Dong Jun)ကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇွန်လ ၂၆ ရက်က ချင်တောင် (Qingdao) မြို့တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၌ ဆင်းက တုံးကျွင်းနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ထို့နောက် နှစ်နိုင်ငံကြား ပြဿနာများကို စနစ်တကျ ဖြေရှင်းရန် အလေးပေး ပြောကြားခဲ့သည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံများဖြစ်သည့်အပြင် နျူကလီးယား အင်အားကြီး နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့သည် ဟိမဝန္တာဒေသရှိ နယ်စပ်မျဉ်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ကာလကြာရှည်ဖြစ်ပွားခဲ့ကာ စစ်ပွဲများလည်း ဖြစ်ပွားခဲ့ဖူးသည်။

ပုံစာ- အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်ဆင်းနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျွင်း ကိုတွေ့ရစဉ်

ထိုနယ်စပ်တွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အေးချမ်းတည်ငြိမ်နေသော်လည်း ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံစစ်သားများကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သားအယောက် ၂၀ နှင့် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား လေးနှစ်ကြာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီး နယ်စပ်ဒေသများ တွင် စစ်သားများကို တိုးမြှင့်ချထားခဲ့ကာ ပြီးခဲ့သည့််နှစ် အောက်တိုဘာလတွင် ထိုစစ်သားများကို ပြန်ဆုတ်ရန် သဘောတူညီချက် ရရှိခဲ့သည်။

တုန်းနှင့် တွေ့ဆုံစဉ်အတွင်း ဆင်းက ၂၀၂၀ ပြည့်နှစ် ထိပ်တိုက်တွေ့ဆုံမှုများ အပြီးတွင် ဆုံးရှုံးခဲ့သော ယုံကြည်မှု ကို ပြန်လည်တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

SCO သည် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည့် ယူရေးရှား လုံခြုံရေးနှင့် နိုင်ငံရေးအုပ်စုဖြစ်သည်။

ယခုပြုလုပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဆောင်းဦးရာသီတွင် ပြုလုပ်မည့် SCO နိုင်ငံ့ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး မတိုင်မီ ရှေ့ပြေး အစည်းအဝေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ