ဟော်မုဇ်ရေလက်ကြားအနီးရှိ သင်္ဘောများက အချက်ပြမှုများ ထုတ်လွှင့်

CNI International News

လန်ဒန်၊ ဇွန်လ ၂၈

ဟော်မုဇ်ရေလက်ကြားအနီးတွင် မောင်းနှင်နေသည့် သင်္ဘောများသည် တိုက်ခိုက်ခံရမည့် အရေးကို ရှောင်လွှဲရန်အတွက် ၎င်းတို့သည် မည်သည့်နိုင်ငံမှ ဖြစ်သည်ဆိုသည့် အချက်ကို ဖော်ပြထားသော ပုံမှန် မဟုတ်သည့် အချက်ပြမှုများ ထုတ်လွှင်ခဲ့ကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အစ္စရေးနှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တည်ငြိမ်မှုမရှိသဖြင့် ထိုဒေသတွင် သွားလာနေသည့် ပင်လယ်ကူးသင်္ဘောများက တိုက်ခိုက်ခံရမည့် အရေးကို စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် ပင်လယ်ရေကြောင်းဆိုင်ရာ အန္တရာယ်များကိုဖော်ပြသည့် Windward ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ယခုလအစောပိုင်းက အစ္စရေးနှင့် အီရန်ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးကတည်းက ပင်လယ်ကူး သင်္ဘောများ သည် ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် အချက်ပြမှုများကို ထုတ်လွှင့်ခဲ့ကြသည်ဟု ဆိုသည်။

အစ္စရေးနှင့် အီရန်ကြား ၁၂ ရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကာ ဇွန်လ ၂၄ ရက်တွင် အစ္စရေးနှင့် အီရန်ကြား အပစ်အခတ်ရပ်စဲပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) က ကြေညာခဲ့သည်။

ပုံစာ- ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်

သို့သော် ပူးတွဲပင်လယ်ရေကြောင်း သတင်းအချက်အလက်စင်တာ (JMIC) ကမူ ဟော်မုဇ်ရေလက်ကြားနှင့် အနီးတစ်ဝိုက်တွင် အန္တရာယ်များ ဆက်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ပင်လယ်ကူးသင်္ဘော ကုမ္ပဏီများကလည်း အခြေအနေကို စိုးရိမ်နေပြီး အမေရိကန်၊ ဗြိတိန် သို့မဟုတ် အစ္စရေး နိုင်ငံများနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောအချို့က ပိုမိုစိုးရိမ်နေကြသည်ဟု Windward ကုမ္ပဏီ စီအီးအို အမီ ဒန်နီယယ် (Ami Daniel) က ပြောကြားခဲ့သည်။

ဇွန်လ ၁၂ ရက်မှ ၂၄ ရက်အတွင်း ပင်လယ်ကွေ့ဒေသနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘော ၅၅ စင်းသည် ၎င်းတို့၏ အချက်အလက်များ ပါဝင်သည့် ပုံမှန်ထုတ်လွှင့်လေ့ မရှိသည့် မက်ဆေ့ချ် ၁၀၁ စောင်ကို ထုတ်လွှင်ခဲ့ကြသည်ဟု ဆိုသည်။

အချို့သင်္ဘောများက ၎င်းတို့သည် တရုတ်နိုင်ငံက ပိုင်ဆိုင်သည့် သင်္ဘောများဖြစ်ကြောင်း သို့မဟုတ် ရုရှား၏ ရေနံစိမ်းများကို တင်ဆောင်လာကြောင်း အစရှိသည့် မက်ဆေ့ချ်များကို ထုတ်လွှင့်ခဲ့သည်။

တရုတ်နှင့် ရုရှားသည် အီရန်နှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် အီရန်၏ တိုက်ခိုက်မှုကို မခံရစေရန် ထိုသင်္ဘောများက တရုတ်နှင့် ရုရှား၏ အမည်ကိုအသုံးပြုပြီး အကာအကွယ် ယူခဲ့ကြခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဇွန်လ ၂၄ ရက်တွင် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပြီးနောက် ထိုဒေသ၌ ရေကြောင်းသွားလာသည့် သင်္ဘော အစင်းအရေအတွက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု JMIC က ထုတ်ပြန်ခဲ့သည်။

Source: South China Morning Post