CNI International Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေချိန် မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၏ အနောက်ဘက် နယ်စပ်တစ်လျှောက်၌ နောက်ထပ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ အတွင်းရှိ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများသည် အိမ်နီးချင်းနိုင်ငံများသို့ အစုလိုက်အပြုံလိုက် ဝင်ရောက် သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများထဲတွင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအို နိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံများအနက် မြန်မာနှင့် အရှည်လျားဆုံး နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများ မြင့်တက် လာခဲ့ချိန် ကတည်းက မြန်မာနိုင်ငံအတွင်း အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၀၀,၀၀၀ နီးပါးရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့သူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံမှ ထောင်၊ သောင်းချီ ရှိသည့် မိသားစုဝင်များနှင့် ရွာသူ/ရွာသားများသည် နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးပမ်းနေသဖြင့် ထိုင်းနိုင်ငံသည် ထိုဒုက္ခသည်များကို လက်ခံရမည့် အခြေအနေများနှင့် ကြုံတွေ့လာနိုင်သည်။
စစ်စစ်တွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ရွာသူ/ရွာသားများအတွက် ခိုလှုံနေထိုင်ရာ တစ်ခု ဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
မြန်မာ့တပ်မတော်က အာဏာရယူခဲ့သည့် ၃ နှစ်တာ ကာလအတွင်း တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒုက္ခသည်များသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြသည်။
ထိုတိုက်ခိုက်မှုများ လျော့ကျ/ရပ်စဲသွားမည့် အချိန်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံ သား ၈၀ ရာခိုင်နှုန်းသည် နေရပ်သို့ ပြန်ကြလိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်အထိ ရရှိထားသည့် စာရင်းများအရ ထိုင်းနိုင်ငံ၏ မဲဟောင်ဆန် (Mae Hong Son) ပြည်နယ်တွင် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူပေါင်း ၉၀,၀၀၀ ခန့် ရှိနေသည်။
သို့သော် ၂၄၀၁ ကီလိုမီတာ အရှည်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၏ အခြေအနေသည် ရှုပ်ထွေးလွန်းလှသည်။
ထိုနယ်စပ်ဒေသ၏ နေရာအများစုသည် ခြံစည်းရိုးများ၊ တံတိုင်းများနှင့် တားမြစ်ကန့်သတ်ထားခြင်း မရှိသဖြင့် လူမှောင်ခိုကူးသည့် ဂိုဏ်းများသည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် စက်တင်ဘာလ အစောပိုင်းက ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ချိန်ကတည်းက အလုပ်တာဝန်များဖြင့် မအားလပ်အောင် ရှိနေခဲ့သည်။
အစပိုင်းတွင် ဆရီသာက ထိုင်းပြည်သူများ၏ စားဝတ်နေရေးကို မြှင့်တင်ပေးရန်နှင့် စီးပွားရေး ပြဿနာများကို ပြင်ဆင်ရာသာ အာရုံစိုက်ထားခဲ့ဖွယ်ရှိသည်။
သို့သော် လက်ရှိအချိန်အထိ ဆရီသာ အစိုးရအဖွဲ့သည် နိုင်ငံခြားရေးမူဝါဒတွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ထိုင်း-မြန်မာ နယ်စပ်အရေးသည် ဆရီသာ အစိုးရအတွက်ရော၊ ထိုင်းနိုင်ငံရေး အတွက် အကြံပြုပုဂ္ဂိုလ်များအတွက်ပါ သတိထားကိုင်တွယ်ရမည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရေးလောက၌ သြဇာလွှမ်းမိုးထားသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မဆိုင်းမတွ ကူညီပေးရန် လိုအပ်ကြောင်းကို အလေးထား ပြောဆိုနေကြသည်။
ထို့ကြောင့် လာမည့်လများအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် အခြေစိုက် ဖွင့်လှစ်ထားသည့် အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အင်စတီကျူ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပါဝင်မည့် ဆွေးနွေးမှုများတွင် ထိုင်း-မြန်မာနယ်စပ်ဒေသအရေးကို အဓိကထားပြီး ဆွေးနွေးဖွယ်ရှိနေသည်။
ထိုင်းအစိုးရအဖွဲ့အနေနှင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဆက်လက် လုပ်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် အရေးအကြီးဆုံး အချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းကာ ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်ပေသည်။
Source: ဘန်ကောက်ပို့စ်