CNI International News

ဘန်ကောက်၊ ဧပြီ ၄

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဆိုသည့် သတင်းသည် April Fools' (ဧပြီ ၁ ရက်)နေ့ နောက်ပြောင်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-nukara) က ဧပြီ ၂ ရက် တွင် ပြောကြားခဲ့သည်ဟု ASEAN NOW မှ ဖော်ပြခဲ့သည်။

ဧပြီ ၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ဖော်ပြခဲ့သည့်သတင်းကို ပန်ပါရီက တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းလပ်သည် ထိုကဲ့သို့ သံတမန်အဖြစ် ခန့်အပ်ခံရမှုကို သူကိုယ်တိုင်ပင် မသိခဲ့ဟု ပြောသည်။

ယင်းလပ်နဲ့ ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာကို တွေ့ရစဉ်

ထိုသတင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ရုံးက တရားဝင် အတည်မပြုသေးသဖြင့် မေးခွန်းများ သို့လော၊ သို့လော ထွက်ပေါ်နေသည်။

ထိုသတင်းသည် အမှန် ဟုတ်/မဟုတ် သံသယဖြစ်ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်နေသည့် ပန်ပရီက ပြောသည်။

ဖြူးထိုင်းပါတီဝင်ဖြစ်သည့် ပန်ပရီက ယင်းလပ်၏ သတင်းကို အတည်မပြုနိုင်သေးသော်လည်း ယင်းလပ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် လက်ရှိ အစိုးရအဖွဲ့ထဲတွင် မပါဝင်သဖြင့် ထိုအကြောင်းအရာသည် ထိုင်း၏ သံတမန်ရေးဆိုင်ရာ စိုးရိမ်မှုများနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်အဖြစ် ခန့်အပ်ခံရသည်ဆိုသည့် အတည်မပြုသေးသော သတင်းများသည် တပ်မတော်အတွက် သတင်း ကောင်းဖြစ်ပြီး သူ့အနေနှင့် ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ချင်းမိုင် (Chiang Mai) အခြေစိုက် ဧရာဝတီသတင်းဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။

Source: ASEAN NOW