CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၁

တရုတ်သည် အိမ်နီးချင်းနိုင်ငံများကို အနိုင်ကျင့်ကာ ထိုင်ဝမ်ကို ခြိမ်းခြောက်နေသည်ဟု နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဂျန် စတိုတန်ဘာ့ဂျ် (Jens Stoltenberg)က အင်္ဂါနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာပဋိညာဉ်ကို ကာကွယ်ရန် ဂျပန်နှင့်တခြားသော ဒီမိုကရေစီနိုင်ငံများသည် မဟာမိတ်များနှင့်အတူ လုပ်ဆောင်ရမည်ဟု ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။

တိုကျိုသို့ ရောက်ရှိနေသော စတိုတန်ဘာ့ဂျ်က လက်ရှိအချိန်သည် ဂျပန်နှင့် နေတိုးအဖွဲ့တို့အတွက် အရေးပါသော အခိုက်အတန့် ဖြစ်ကြောင်း၊ ရုရှားနှင့် တရုတ်တို့သည် ပဋိညာဉ်ကို အခြေခံသည့် နိုင်ငံတကာ အုပ်ချုပ်မှုများကို ဆန့်ကျင့်ကာ အာဏာရှင်စနစ်သို့ နောက်ပြန်ဆွဲရန် ဦးဆောင်နေသည်ဟု နေတိုးအကြီးအကဲက ပြောသည်။

အတ္တလန်တိတ် ဖြတ်ကျော်နှင့် အင်ဒို-ပစိဖိတ် လုံခြုံရေးတို့သည် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ထားကြောင်း၊ ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရရှိခဲ့လျှင် အာဏာရှင်များသည် အင်အားသုံးခြင်းဖြင့် ၎င်းတို့ ရည်မှန်းချက်များကို ရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုအခြေအနေသို့ ရောက်ရှိသွားပါက အန္တရာယ်များကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေတိုးအကြီးအကဲ ဂျန်စတိုတန်ဘာ့ဂျ်ကိုတွေ့ရစဉ်(AP)

ဂျပန်ဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် အမေရိကန်၏ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သည်။

တရုတ်နှင့်မြောက်ကိုရီးယားတို့မှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာချိန်တွင် အင်ဒို-ပစိဖိတ်နိုင်ငံများ အပါအဝင် ဗြိတိန်၊ ဥရောပ၊ နေတိုးအဖွဲ့တို့နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများကို မကြာသေးခင် နှစ်များအတွင်း တိုးမြှင့်ခဲ့သည်။

ဂျပန်သည် ယူကရိန်းအရေးတွင် အမေရိကန် ဦးဆောင်သည့် စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ၌ ပါဝင်ခဲ့ရုံ မက ယူကရိန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီးများနှင့် တိုက်ခိုက်ရေး မဟုတ်သော ကာကွယ်ရေး ကိရိယာ အထောက်အပံ့များ ပေးခဲ့သည်။

ဥရောပဒေသရှိ ရုရှား၏ ရန်လိုမှုများ အာရှဒေသသို့ ကူးစက်ပျံ့နှံ့လာမည်ကို ဂျပန်ဘက်က စိုးရိမ်သောကြောင့် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

နေတိုးနဲ့ ဂျပန် ဆွေးနွေးနေကြစဉ်(AP)

တရုတ်၏ နယ်မြေပိုင်နက်ဆိုင်ရာ ပြောဆိုမှုများအပြင် ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် သတ်မှတ်မှုကြောင့် တင်းမာမှု များ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အာရှဒေသတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက အင်ဒို-ပစိဖိတ်ဒေသ၌ နေတိုးအဖွဲ့၏ စိတ်ဝင်စားမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြင့်တက်လာခြင်းအပေါ် ကြိုဆိုကြောင်း ပြောကာ နေတိုးအဖွဲ့တွင် ဂျပန်နိုင်ငံ၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်သွားမည်ဟု ကြေညာခဲ့သည်။

ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နေတိုးကောင်စီ အစည်းအဝေးများနှင့် ကာကွယ်ရေးဝန်ကြီး အစည်းအဝေးများကို ပုံမှန်တက်ရောက်ကာ မဟာမိတ်များနှင့် နီးကပ်သော ဆက်သွယ်မှုများအား မြှင့်တင်ရန် စီစဉ်ထားသည်ဟုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့သည်။

Source: AP