CNI International News

တိုကျို၊ ဩဂုတ် ၃၀

ဂျပန်၏ လေပိုင်နက်အတွင်း တရုတ်ကင်းထောက် လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက် ပျံသန်းမှုသည် ဂျပန်အတွက် တပ်လှန့်နှိုးဆော်ချက်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌ အမေရိကန်လွှတ်တော်အမတ် ဂျွန် မိုလန်နာ (John Moolenaar) က ပြောကြားခဲ့သည်။

ဩဂုတ် ၂၆ ရက်က တရုတ်၏ Y-9 ကင်းထောက် လေယာဉ်တစ်စင်းသည် ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူး (Kyushu) ကျွန်း၏အနီးမှ ဖြတ်ပျံသွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် တရုတ်စစ်လေယာဉ် တစ်စင်းက ဂျပန်၏ လေပိုင်နက်အတွင်း ချိုးဖောက် ဝင်ရောက်ခဲ့သည့် ပထမဆုံး ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဂျပန်က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဥ်ကို လုံးဝ လက်မခံနိုင်ကြောင်း ဂျပန်က တရုတ်ကို ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ်ရဲ့ တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ နောက်ထပ် ရန်လိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆိုးရွားတဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့  အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲဆိုတာကို မေးခွန်းထုတ်ရမှာပါ" ဟု မိုလန်နာက တိုကျို (Tokyo) မြို့တော်တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အမတ် ဂျွန်မိုလန်နာကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ် သည့် ကိရိယာများတင်ပို့မှုအပေါ် ကန့်သတ်ချက်များ ပိုမိုချမှတ်ရန် လုပ်ဆောင်နေချိန်တွင် မိုလန်နာနှင့် ၎င်း၏ ကော်မတီဝင်များသည် ဂျပန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဂျပန်သည် ၎င်း၏ မဟာမိတ် အမေရိကန်နှင့်ပူးပေါင်းပြီး တရုတ်အပေါ် ပို့ကုန်ပစ္စည်းများနှင့် နည်းပညာ ကန့်သတ် ချက်များ ချမှတ်နေသော်လည်း အမေရိကန်ကဲ့သို့ တရုတ်နှင့် ကုန်သွယ်ရေးလျှော့ချ ဖြတ်တောက်မှုများ ပြုလုပ် ခြင်း မရှိပေ။ 

အဘယ်ကြောင့်ဆိုသော် တရုတ်သည် ဂျပန်၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သောကြောင့် ဖြစ်သည်။

မိုလန်နာသည် ဂျပန်တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ကန်ဆိုင်တို (Ken Saito) ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် အခြားထိပ်သီး ဂျပန်အရာရှိများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

"အနာဂတ်မှာ တရုတ်ရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ အကောင်းဆုံးက ဘာလဲဆိုတာ မေးခွန်းထုတ် ရမှာပါ။ ကျနော်တို့ကို ဆန့်ကျင်နိုင်မယ့် စစ်ရေးကဏ္ဍကို ကျနော်တို့က ပြန်ပြီးထောက်ပံ့ ပေးနေတာမျိုး မဖြစ်စေ ချင်ပါဘူး" ဟု မိုလန်နာက ပြောကြားခဲ့သည်။

Source: ရိုက်တာ