CNI International News

ဘန်ကောက်၊ ဩဂုတ် ၃၀

ဖြူးထိုင်းပါတီကြောင့် ဒီမိုကရက်တစ်ပါတီကို ထိခိုက်စေလိမ့်မည်ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ဟောင်း ချူအန် လိခ်ပိုင် (Chuan Leekpai) က ပြောကြားခဲ့သည်ဟု Thai PBS  မှ ဖော်ပြခဲ့သည်။

လက်ရှိ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ချာလမ်ချိုင်း သီရိအွန် (Chalermchai Sri-on) လက်ထက်တွင် ဖြူးထိုင်း ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲကို ဝင်ရောက်မည်ဆိုပါက နိုင်ငံတောင်ပိုင်းပြည်နယ်များ၌ ဒီမိုကရက်တစ် ပါတီ၏ ထောက်ခံမှုကို ကျဆင်းစေလိမ့်မည်ဟု ၎င်းက ပြောသည်။

ဖြူးထိုင်းပါတီ ဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့ထဲသို့ ဒီမိုကရက်တစ်များ ဝင်ရောက်မည့် အိုင်ဒီယာကို မိမိအနေဖြင့် အမြဲတမ်းဆန့်ကျင်ကြောင်း၊ ထိုသို့ ဆန့်ကျင်ခြင်းသည် ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ဘဲ ဖြူးထိုင်းပါတီအတွင်းရှိ ဩဇာကြီးမားသူတစ်ဦးကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ချူအန်က ပြောကြားခဲ့သည်။

ချူအန်၏ မှတ်ချက်စကားသည် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ရည်ညွှန်းပြောကြားခြင်း ဖြစ်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဖြူးထိုင်းပါတီမှ ပေတုန်တန်နဲ့ ဆရီသာကို တွေ့ရစဉ်

ချူအန်၏ အစိုးရအဖွဲ့သည် ၎င်းတို့ပါတီအား မဲမပေးခဲ့သည့် မဲဆန္ဒနယ် အများစုရှိနေသော ပြည်နယ်များကို ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်ပေးလိမ့်မည် မဟုတ်ကြောင်း လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုခန့်က သက်ဆင်က ဝေဖန် ပြောကြားခဲ့ဖူးသည်။

ချူအန်က လက်ရှိအချိန်တွင် မိမိနှင့် ဝါရင့်ဒီမိုကရက် အချို့သည် ပါတီတွင်း ဩဇာလွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ဝန်ခံခဲ့ပြီး ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲသို့ ဝင်/မဝင်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ပါတီ အမှုဆောင်ကော်မရှင်၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် ဖြူးထိုင်းပါတီအပေါ် ထားရှိသည့် ၎င်း၏ သဘောထားကိုမူ ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ချာလမ်ချိုင်းသည် ပါတီအပေါ် အများ၏ ယုံကြည်လက်ခံနိုင်စွမ်းနှင့် ပါတီ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း ချူအန်က ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ချာလမ်ချိုင်း သီရိအွန်ကိုတွေ့ရစဉ်

အာဏာရှင်စနစ်ဆန့်ကျင်သည့် ဒီမိုကရေစီတပ်ပေါင်းစု (UDD) ခေါ် ရှပ်နီလှုပ်ရှားမှု၏ ခေါင်းဆောင်ဟောင်း သီတာ သာဗွန်ဆက် (Thida Thavornseth) ကလည်း ဖြူးထိုင်းပါတီ ဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့အတွင်း ဒီမိုကရက်များ ပါဝင်မည့် အခြေအနေကို လုံးဝသဘောမတူကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖြူးထိုင်းပါတီ ဦးဆောင်ခဲ့သည့် ဒီမိုကရေစီ အစိုးရအဖွဲ့သည် ရှပ်နီဆန္ဒပြသူများကို ပြင်းထန်စွာ ဖြိုခွင်း ခဲ့ဖူးသည့် နောက်ခံသမိုင်းကြောင်းလည်း ရှိခဲ့ကြောင်း သီတာက ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ထိုင်းလစ်ဘရယ်ပါတီ ခေါင်းဆောင်ဖြစ်သည့် ရဲချုပ် ဆာရီပီဆွတ် တမ်မီယာယက်စ် (Sereepisuth Temeeyaves) ကလည်း ယခင်ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်ဖြစ်သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ပြစ်ဒဏ်ချခံခဲ့ရသူတစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်မှုကြောင့် မိမိတို့ ပါတီအနေဖြင့် ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဩဂုတ် ၂၉ ရက်တွင် ကြေညာခဲ့သည်။

Source: Thai PBS World