CNI International News

ဆိုးလ်၊ ဩဂုတ် ၃၀

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) က ဒေါ်လာ ၈၆၀ ဘီလျံ တန်ဖိုးရှိပြီး ကမ္ဘာ့အကြီးဆုံး ပင်စင်လစာ ရန်ပုံငွေများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် နိုင်ငံတော် ပင်စင်လစာရန်ပုံငွေကို အရေးတကြီး ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုင်ငံအတွင်း သက်ကြီးပိုင်း လူဦးရေအတွက် ဝင်ငွေလုံခြုံမှုကို စိတ်ချသေချာစေရန်နှင့် ပိုမိုမျှတမှုရှိသည့် ပင်စင် လစာ ရန်ပုံငွေဖြစ်စေရန် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ယွန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မျိုးဆက်များအတွင်း ပင်စင်လစာငွေပေးသည့် စနစ်အပေါ် လူထု၏ ယုံကြည်မှု ဆုံးရှုံးခဲ့ကြောင်း၊ အလုပ်မှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းဟောင်းများ၏ ယုံကြည်ချက်ကို ပြန်လည်ထိန်းသိမ်းရန် လိုအပ်ကြောင်း ယွန်းက ပြောသည်။

"သက်ကြီးပိုင်းတွေသာမက လူငယ်တွေကပါ ယုံကြည်မှုရှိတဲ့ နိုင်ငံတော်အဆင့် ပင်စင်လစာ စနစ်ကို အခြေခံ ကနေစပြီး ပြုပြင်ပြောင်းလဲဖို့ အချိန်ကျပါပြီ"ဟု ယွန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပင်စင်ထောက်ပံ့ငွေကို ပိုမိုတိုးမြှင့်ရမည်ဖြစ်ပြီး မတူညီသည့် အသက်အရွယ် အပိုင်းအခြားအလိုက် ပင်စင်လစာ ငွေ ပေးအပ်မှုကို ပိုပြီးမျှတမှုရှိစေရန် ပင်စင်ထောက်ပံ့ငွေပေးမည့် လူအရေအတွက်ကိုလည်း တိုးမြှင့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား အသက်ကြီးရွယ်အိုများ ပင်စင်လစာ ထုတ်နေကြစဉ်

"သက်ကြီးပိုင်းတွေကို ဆင်းရဲချို့တဲ့စေပြီး လူငယ်တွေအကြား သံသယတွေ ဖြစ်စေခဲ့တဲ့ ပင်စင်စနစ်ကို အောက်ခြေကနေစပြီး ပြုပြင်ပြောင်းလဲရပါမယ်" ဟု ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ပြည်သူ့ပင်စင်လစာ ရန်ပုံငွေစနစ်ကို ၁၉၈၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၈၆၀ ဘီလျံရှိနေမှုနှင့်အတူ လက်ရှိတွင် ကမ္ဘာ့တတိယအကြီးဆုံး ပင်စင်လစာ ရန်ပုံငွေအဖြစ် ရပ်တည် နေသည်။

ထိုစနစ်အရ တောင်ကိုရီးယားတွင် အရပ်သားပြည်သူ ဝန်ထမ်းများသည် အလုပ်လုပ်နေချိန်အတွင်း မိမိတို့ရရှိ သည့် လစာငွေ ထဲမှ ရာခိုင်နှုန်းအချို့ကို နိုင်ငံတော် ပင်စင်လစာ ရန်ပုံငွေအဖြစ် စုဆောင်းရခြင်းဖြစ်ပြီး အလုပ်မှ အနားယူချိန်တွင် သတ်မှတ်ထားသည့် အတိုးနှုန်းများအလိုက် လစဉ်ထောက်ပံ့ငွေအဖြစ် ပြန်လည်ထုတ်ယူနိုင်ခြင်း ဖြစ်သည်။

တောင်ကိုရီးယား၏ ပင်စင်လစာငွေ စုဆောင်းသည့် စနစ်အရ လစာငွေ၏ ၉ ရာခိုင်နှုန်းကို လစဉ်စုဆောင်းရမည် ဖြစ်ပြီး အမေရိကန်တွင်မူ ၁၀ ဒသမ ၆ ရာခိုင်နှုန်း ဂျပန်တွင် ၁၈ ဒသမ ၃ ရာခိုင်နှုန်းကို စုဆောင်းရန် သတ်မှတ် ပြဋ္ဌာန်းထားသည်။

Source: ရိုက်တာ