CNI International News

ဆိုးလ်၊ ဧပြီ ၅

တောင်ကိုရီးယားနိုင်ငံတွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက ဧပြီ ၄ ရက်တွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) အား ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဟု Korea Times မှ ဖော်ပြခဲ့သည်။

လက်ရှိ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟန်ဒွတ်ဆူး (Han Duck-soo) က ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ၁၀ ရက်အတွင်း ကြေညာရမည်ဖြစ်သည်။

အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ကို မေလ ၂၄ ရက်မှ ဇွန်လ ၃ ရက် အကြား ကြေညာနိုင်သည်ဟု သိရသည်။

၂၀၁၇ ခုနှစ်က သမ္မတဟောင်း ပတ်ဂွန်ဟေး (Park Geun-hye) ကို ဖြုတ်ချပြီး ရက်ပေါင်း ၆၀ ပြည့်သည့်နေ့တွင် သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့သဖြင့် ယခုအကြိမ်တွင်လည်း သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ပြုလုပ်ဖွယ်ရှိသည်။

လာမည့် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် နိုင်ငံ့ရေးရာများကို တည်ငြိမ်စွာ စီမံခန့်ခွဲနိုင်စေရန် သေသေချာချာ တာဝန်ယူ လုပ်ဆောင်သွားမည်ဟု ယာယီသမ္မတဟန်က ပြောကြားခဲ့သည်။

သမ္မတယွန်းဆော့ရွဲကို တွေ့ရစဉ်

ထိုကိစ္စအတွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရိုတက်အက် (Roh Tae-ak) နှင့် ဧပြီ ၄ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများသည် တရားဝင် မဲဆွယ်စည်းရုံးရေးကာလ မစတင်မီ တစ်ရက် အလိုတွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို မေလ ၁၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည် ဖြစ်သည်။

လက်ရှိ အစိုးရဌာနများတွင် တာဝန်ထမ်းဆောင် နေသူများ အနေဖြင့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ရှိ အစိုးရအလုပ်မှ နုတ်ထွက်ရမည်ဖြစ်သည်။

အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင် လီဂျေးမြောင် (Lee Jae-myung) သည် ၎င်းပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်လာဖွယ်ရှိသည်။

မကြာသေးမီက စစ်တမ်းများအရ လီသည် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း နေရာအတွက် ပါတီတွင်း ပြိုင်ဘက်များဖြစ်သည့် ဂျီအွန်ဂီ (Gyeonggi) ပြည်နယ်အုပ်ချုပ်ရေးမှူး ကင်ဒေါင်ယွန် (Kim Dong-yeon) နှင့် ဝန်ကြီးချုပ်ဟောင်း လီနက်ယွန် (Lee Nak-yon) တို့ထက် ထောက်ခံမှုနှုန်း ပိုမိုများပြားနေကြောင်း တွေ့ရသည်။

Source: Korea Times