CNI International News

ဆိုးလ်၊ ဇူလိုင် ၁၉

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)သည် ဇူလိုင် ၁၈ ရက်က မြောက်ကိုရီးယား သံတမန် ဟောင်းတစ်ဦးကို ဒုဝန်ကြီးရာထူးနေရာ ခန့်အပ်ခဲ့သည်။

ထိုဖြစ်စဉ်သည် မြောက်ကိုရီးယားမှ ထွက်ပြေးပြီး တောင်ကိုရီးယားတွင် နေထိုင်ခဲ့သည့် ထောင်နှင့်ချီသည့် မြောက်ကိုရီးယား နိုင်ငံသားများအနက် ရာထူးအမြင့်ဆုံး ရာထူးခန့်အပ်မှုဖြစ်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

တေးယုံဟို (Tae Yongho) သည် လန်ဒန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဝန်ကြီးတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သူဖြစ်သည်။

သူသည် မကြာသေးမီ နှစ်များအတွင်း တောင်ကိုရီးယားတွင် အခြေချနေထိုင်သည့် ရာထူးအမြင့်ဆုံး မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးဖြစ်သည်။

ယွန်းဆော့ရွဲကိုတွေ့ရစဉ်

တေးက သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ အရာရှိများကို ကွက်မျက်မှု များ၊ နျူကလီးယား ရည်မှန်းချက်အပေါ် စိတ်ပျက်ခဲ့ကြောင်း၊ ၎င်း၏ ကလေးများကို မြောက်ကိုရီးယားတွင် ဆင်းဆင်းရဲရဲဖြင့် မနေစေချင်သည့်အတွက် တောင်ကိုရီးယားသို့ ဘက်ပြောင်း ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားကမူ တေးကို “လူဖျင်း၊လူညံ့” တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစိုးရ၏ ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ကာ ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းသည် တေးကို ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အကြံပေးကောင်စီတွင် အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ထိုကောင်စီသည် ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အတွက် သမ္မတကို မူဝါဒရေးရာ အကြံပေးရသည့် ကောင်စီဖြစ်သည်။

တေးကို ရာထူးခန့်အပ်မှုသည် မြောက်ကိုရီးယား ပြည်ပြေးတစ်ဦးကို တောင်ကိုရီးယားတွင် ဒုဝန်ကြီးအဆင့် ရာထူးနေရာ ခန့်အပ်မှုဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယား၌ မြောက်ကိုရီးယား ပြည်ပြေး ၃၄,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

တေးသည် ၂၀၂၀ ပြည့်နှစ်က တောင်ကိုရီးယားလွှတ်တော်တွင် ရွေးကောက်ခံခဲ့ရသည်။

ထို့နောက် တောင်ကိုရီးယား၌ လွှတ်တော်အမတ်များအဖြစ် တာဝန်ထမ်းဆောင်နေသည့် အခြားမြောက်ကိုရီးယား ပြည်ပြေးများလည်း ရှိခဲ့သည်။

တေးသည် မြောက်ကိုရီးယားတွင် နေထိုင်ခဲ့သည့် အတွေ့အကြုံများနှင့် တောင်ကိုရီးယားလွှတ်တော်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံများကြောင့် ၎င်းကို ပြန်လည်ပေါင်းစည်းရေး အကြံပေးကောင်စီ၌  ခန့်အပ်မှု သည် မှန်ကန်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားတွင် နေထိုင်လျက်ရှိသည့် မြောက်ကိုရီးယား ပြည်ပြေးအများစုသည် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်းက အငတ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်။

Source: အေပီ