CNI International News

နယူးဒေလီ၊ ဇူလိုင် ၆

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris)က သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နေရာကို အစားထိုး ဝင်ရောက်နိုင်ခြေရှိသည့် အလားအလာကို ဝါရှင်တန် (Washington) မြို့တော်နှင့် မိုင်ပေါင်း ၈၀၀၀ ကျော် အကွာအဝေးတွင်ရှိသည့် အိန္ဒိယတောင်ပိုင်း ကျေးရွာလေးတစ်ရွာက အနီးကပ် စောင့်ကြည့်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သူလဆန်ဒရာပူရမ် (Thulasendrapuram) အမည်ရှိ ထိုကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က ဟားရစ်၏ အဖိုးဖြစ်သူကို မွေးဖွားခဲ့ပြီး ဟားရစ် အဖိုး၏ ဇာတိချက်ကြွေရွာဖြစ်သည်။

၂၀၂၁ ခုနှစ်က ဟားရစ်၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် အချိန်တွင် ထိုကျေးရွာ၌ မီးရှုးမီးပန်းများ ဖောက်ခြင်း၊ ချောကလက်များ အခမဲ့ဝေပေးခြင်း၊ ဟားရစ်၏ ရုပ်ပုံများကို ချိတ်ဆွဲခြင်းတို့ပြုလုပ်ပြီး အောင်ပွဲခံခဲ့ ကြသည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်သို့ ရွှေ့ပြောင်းဝင်ရောက်ခဲ့သည့် အိန္ဒိယမိခင်နှင့် ဂျမေကာ ဖခင်တို့က မွေးဖွားခဲ့သည့် ဟားရစ်သည် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန်၏နေရာကို အစားထိုး ဝင်ရောက်မည့်သူအဖြစ် ရေပန်းစားနေ သည်။

ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဘိုင်ဒန်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ စကားစစ် ထိုးပွဲတွင် ဘိုင်ဒန်သည် ထရမ့်လောက် စွမ်းဆောင်ရည် မကောင်းခဲ့၍ ဘိုင်ဒန်သည် ရွေးကောက်ပွဲမှ နုတ်ထွက် ဖွယ်ရှိပြီး ဟားရစ်က အစားထိုး ယှဉ်ပြိုင်ဖွယ်ရှိနေသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် သူလဆန်ဒရာပူရမ် ကျေးရွာတွင် နေထိုင်သူများသည် အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် ပတ်သက် ပြီး ထုတ်ပြန်သည့် သတင်းများ၊ အစီအစဉ်များကို မလွတ်တမ်း စောင့်ကြည့်လျက်ရှိသည်။

ဟားရစ်ပုံကို ကိုင်ပြီး ဂုဏ်ပြုနေကြတဲ့ သူလဆန်ဒရာပူရမ်ကျေးရွာသားများကိုတွေ့ရစဉ်

“သူ (ဟားရစ်) သာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ ကြီးမားတဲ့ အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်သွားမှာပါ”ဟု သူလဆန်ဒရာပသူရမ် ကျေးရွာကော်မတီဝင်တစ်ဦးဖြစ်သည့် ကေကာလီယာပါရူမယ်လ် (K. Kaliyaperumal) က ပြောကြားခဲ့သည်။

အကယ်၍ ဟားရစ်သာ သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမည်ဆိုပါက မကြာသေးမီက ခရစ်ကတ် ကမ္ဘာ့ဖလားရရှိခဲ့သည့် အိန္ဒိယ လက်ရွေးစဉ် ခရစ်ကတ်အသင်းကို ဂုဏ်ပြုသကဲ့သို့ တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ဟားရစ်သည် အသက် ၅ နှစ်အရွယ်က သူလဆန်ဒရာပူရမ် ကျေးရွာကို လာရောက်ခဲ့ဖူးပြီး သူ့အဖိုးနှင့်အတူ ထိုကျေးရွာနှင့် မိုင် ၂၀၀ အကွာတွင် တည်ရှိသည့် ချန်နိုင်း (Chennai) မြို့ ကမ်းခြေပေါ်တွင် လမ်းလျှောက်ခဲ့ ဖူးကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ