CNI International News

ဝါရှင်တန်၊ မတ်လ ၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မတ်လ ၅ ရက်က နိုင်ငံတစ်ဝန်းပြုလုပ်သည့် ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်မှုများတွင် ကိုယ်စီ အနိုင်ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ဘိုင်ဒန်နှင့် ထရမ့်တို့သည် လူထုထောက်ခံမှုနှုန်းများ ကျဆင်းနေသည့်တိုင် လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် မကျေပွဲ ပြန်လည်ဆင်နွှဲရမည့် အခြေအနေသို့ ဦးတည်လာခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထရမ့်သည် ကိုယ်စားလှယ်လောင်းများ များပြားသည့် ကယ်လီဖိုးနီးယား (Caliafonia) နှင့် တက္ကဆက် (Taxas) ပြည်နယ်များ အပါအဝင် ရီပတ်ဘလစ်ကန်များ မဲပေးရွေးချယ်သည့် ပြည်နယ် ၁၅ ခုအနက် ၁၄ ခုတွင် အနိုင် ရရှိခဲ့ပြီး ၎င်း၏ နောက်ဆုံးကျန်ရစ်သည့် ပါတီကိုယ်စားပြုပြိုင်ဘက် နစ်ကီ ဟာလေး (Nikki Haley) ကို အပြတ်အသတ် အသာစီးရခဲ့သည်။

ဟာလေးသည် ဗားမောင့် (Vermont) ပြည်နယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတစ်ခုကိုသာ အနိုင်ရရှိခဲ့သည်။

ဘိုင်ဒန်နဲ့ ထရမ့်ကို တွေ့ရစဉ်

ဘိုင်ဒန်သည်လည်း မင်နီဆိုးတား (Minnesota) ၊ အိုင်ဝိုဝါ (Iowa) အပါအဝင် ပြည်နယ် ၁၅ ခုတွင် ပြုလုပ်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ်မှုများ၌ အနိုင်ရရှိခဲ့သည်။

ထရမ့်နည်းတူ ဘိုင်ဒန်သည်လည်း အမေရိကန် ဆမ်မိုအာ (America Samoa) နယ်နိမိတ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတစ်ခုကိုသာ ရှုံးနိမ့်ခဲ့သည်။ 

ထိုနယ်နိမိတ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ၌ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဂျေဆန် ပယ်လ်မာ (Jason Palmer) က အနိုင်ရရှိခဲ့သည်။

အကယ်၍ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန် (၈၁ နှစ်) နှင့် ထရမ့် (၇၈ နှစ်) တို့သာ ပြန်လည် ယှဉ်ပြိုင်ရမည်ဆိုပါက အမေရိကန်သမိုင်းတွင် ၁၉၅၆ ခုနှစ်နောက်ပိုင်း လက်ရှိသမ္မတနှင့် သမ္မတဟောင်းအကြား မကျေပွဲယှဉ်ပြိုင်သည့် ပထမဆုံးရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။

Source: ရိုက်တာ