CNI International News

ဝါရှင်တန်၊ ဇူလိုင် ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု ရှိသည်ဆိုသည့် အချက်ကို သက်သေပြရန် ပါတီတွင်း ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ လွိုက် ဒေါ့ဂက် (Lloyd Doggett) က ဘိုင်ဒန်ကို သမ္မတ ရွေးကောက်ပွဲ ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား တောင်းဆိုခဲ့ ပြီးနောက် ဘိုင်ဒန်အပေါ် ဖိအားများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်သည် ဇွန်လ ၂၇ ရက်က ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ၌ ရီပတ်ဘလစ်ကန်ပါတီမှ ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့်(Donald Trump) ကို ကောင်းမွန်စွာ ချေပပြောဆိုနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဝေဖန်ခံနေရခြင်းဖြစ်သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ဇွန်လ ၂ ရက်တွင် တက္ကဆက် (Texas) ပြည်နယ်မှ အောက်လွှတ်တော် ကိုယ်စားလှယ် လွိုက်ဒေါ့ဂတ်က ဘိုင်ဒန် ကို ရွေးကောက်ပွဲမှ နုတ်ထွက်ရန် လူသိရှင်ကြား တောင်းဆိုခဲ့သည့် ပထမဆုံး ဒီမိုကရက်တစ် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

“လင်ဒန်ဂျွန်ဆင် (Lyndon Johnson) - (အမေရိကန်သမ္မတဟောင်း) ရဲ့ ဖြစ်စဉ်ကို ကျနော် တင်ပြချင်ပါတယ်။ အရမ်းခက်ခဲနေတဲ့ အခြေအနေမှာ သူဟာ ရွေးကောက်ပွဲကနေ နုတ်ထွက်ဖို့ နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်ခဲ့ပါတယ်။ ဘိုင်ဒန်လည်း အဲဒီလို လုပ်သင့်ပါတယ်”ဟု ဒေါ့ဂက်က ပြောကြားခဲ့သည်။

ဝါရှင်တန် (Washington) ပြည်နယ်မှ နောက်ထပ် အောက်လွှတ်တော် ကိုယ်စားလှယ် မာရီ ဂလူဆန်ကမ့် ပီးရက်ဇ် (Marie Gluesenkamp Perez) ကလည်း ဘိုင်ဒန် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ပြောကြားခဲ့ခြင်း မရှိသည့်တိုင် ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲသည် ဘိုငဒန်ကို အထိနာစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ လွိုက်ဒေါ့ဂက်ကို တွေ့ရစဉ်

“ကျမတို့ မြင်ခဲ့တာတွေက ငြင်းလို့မရပါဘူး။ ဒါက အမှန်တရားပါပဲ။ ဘိုင်ဒန်ဟာ ထရမ့်ကို ရှုံးတော့မယ်လို့ ထင်ပါ တယ်။ ဒါက ခက်ခဲမှန်းသိပါတယ်။ ဒါပေမယ့် စကားစစ်ထိုးပွဲမှာ ထိခိုက်ခဲ့ရတာကတော့ အသေအချာပါပဲ” ဟု ပီးရက်ဇ်က ပြောကြားခဲ့သည်။

မိန်း (Maine) ပြည်နယ်မှ အောက်လွှတ်တော် ကိုယ်စားလှယ် ဂျရက် ဂိုးလ်ဒန် (Jared Golden) ကလည်း ဒေါ်နယ်ထရမ့်သည် အနိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဒီမိုကရက် အများအပြားက ဂျိုးဘိုင်ဒန်ကို ပါတီကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်က ဆင်းသင့်၊ မဆင်းသင့်နဲ့ ပတ်သက်ပြီး ထိတ်ထိတ်လန့်လန့်တွေ ဖြစ်နေကြပါပြီ” ဟု ဂိုးလ်ဒန်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား