CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်အလိုတွင် လက်ရှိ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ရီပတ်ဘလစ်ကန်ပါတီ၏ ရေပန်းစားနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နှိုင်းယှဉ်ပါက အဓိက ယှဉ်ပြိုင်ရမည့် ပြည်နယ် ၆ ခုအနက် ၅ ခုတွင် နောက်ကောက်ကျကျန် နေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန် ပြည်သူများက ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် ၎င်း၏ လုပ်ရည်ကိုင်ရည်အပေါ် သံသယရှိနေကြပြီး အမေရိကန်၏ စီးပွားရေးအပေါ်  ဘိုင်ဒန်၏ စီမံကိုင်တွယ်မှုကို အားမလိုအားမရ ဖြစ်နေကြသည်ဟု နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်သည့် လူထုသဘောထား စစ်တမ်းကောက်ယူမှုများတွင် ဖော်ပြခဲ့သည်။

New York Times သတင်းစာနှင့် နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်သည့် Siena College Polls စစ်တမ်းများတွင် ဖော်ပြထားချက်များအရ ထရမ့်သည် ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် မဲယိမ်းပြည်နယ် (swing states) အချို့၌ ဘိုင်ဒန်ထက် ၆ ရာခိုင်နှုန်း အသာစီးရနေကြောင်း သိရသည်။

ဘိုင်ဒန်နဲ့ ထရမ့်ကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ထရမ့် သည် အရီဇိုးနား (Arizona) ၊ ဂျော်ဂျီယာ (Georgia) ၊ မီချီဂန် (Michigan) ၊ နီဗားဒါး (Nevada) နှင့် ပင်ဆယ်ဗေး နီးယား (Pennsylvania) ပြည်နယ်များတွင် ဦးဆောင်လျက်ရှိသည်။

ဘိုင်ဒန်ကမူ ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်တွင်သာ အသာစီးရနေသည်ဟု နိုဝင်ဘာ ၆ ရက်က ထုတ်ပြန် သည့် စစ်တမ်းများတွင် ဖော်ပြခဲ့သည်။

ဘိုင်ဒန်သည် ၂၀၂၀ ပြည့်နှစ်က ထိုပြည်နယ် ၆ ခုစလုံးတွင် ထရမ့်ကို လူထုသဘောထား စစ်တမ်း၌ အနိုင်ရခဲ့သော် လည်း လက်ရှိမှာတော့ ထရမ့်သည် ထိုပြည်နယ်များတွင် ပျမ်းမျှ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိနေပြီး ဘိုင်ဒန်သည် ၄၄ ရာခိုင်နှုန်းသာ ထောက်ခံမှု ရရှိထားသည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့သည်။

ဘိုင်ဒန်နဲ့ ထရမ့်ကိုတွေ့ရစဉ်

၂၀၂၀ ရွေးကောက်ပွဲတုန်းက ဘိုင်ဒန်သည် အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် ပြည်နယ်များတွင် ထရမ့်ကို အနိုင်ရခဲ့သဖြင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုအနိုင်ရလဒ်များကို ထိန်းသိမ်းထားရန် ကြိုးပမ်းရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ကြောင့် ဘိုင်ဒန် ဦးဆောင်သည့် ဒီမိုကရက် အစိုးရအနေနှင့် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်အောင် လုပ်ဆောင်ပြီး လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုများကို ရယူရန် လိုအပ်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ