CNI International News

တဲလ်အဗစ် ၊ နိုဝင်ဘာ ၇

ဂါဇာကမ်းမြောင်ဒေသကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုသည့် မှတ်ချက်စကား ပြောကြားခဲ့သည့် အစ္စရေး ဝန်ကြီးတစ်ဦးကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)က ရာထူးမှ ဆိုင်းငံ့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေး အစိုးရအဖွဲ့ထဲမှ ရှေးဟောင်း အမွေအနှစ် ဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သူ အမီဟေး အီလီယာဟု (Amihai Eliyahu) သည် ရေဒီယိုသတင်းဌာန တစ်ခုနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်အတွင်း အစ္စရေးက ဂါဇာကို  နျူကလီး ယားဖြင့် တိုက်ခိုက်မည်ဟု မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုမှတ်ချက်စကား ထွက်ပေါ်ခဲ့ပြီးနောက် နေတန်ယာဟု၏ ရုံးက အလီယာဟုကို အစိုးရအဖွဲ့အတွင်းမှ ဆိုင်းငံ့ ကြောင်းနှင့် နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ ရာထူးဆိုင်းငံ့မှုသည် တည်မြဲနေလိမ့်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီး အမီဟေး အီလီယာဟုကို တွေ့ရစဉ်

ဂါဇာကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုသည့် အလီယာဟု၏ မှတ်ချက်စကားကို အာရပ်ကမ္ဘာကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ 

နေတန်ယာဟုနှင့် ၎င်း၏ အာဏာရပါတီ ခေါင်းဆောင်များသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအဆင့် ဆွေးနွေးမှုများကို ရေဒီယိုနှင့် သတင်းဌာနများတွင် လက်လွတ်စပယ် ပြောကြားခဲ့ခြင်း မရှိပေ။

ထို့ပြင် အစ္စရေးခေါင်းဆာင်များသည် အစ္စရေး၏ နျူကလီးယား လက်နက်အင်အားနှင့် ပတ်သက်ပြီးလည်း ထဲထဲဝင်ဝင် သိရှိနေသည့် သဘောထားများကို လူသိရှင်ကြား ပြောကြားခဲ့ခြင်း မရှိပေ။

အာရပ်နိုင်ငံများအဖွဲ့ချုပ်ကို တွေ့ရစဉ်

အာရပ်နိုင်ငံများအဖွဲ့ချုပ် (League of Arab States) ကမူ အစ္စရေးဝန်ကြီး အလီယာဟု၏ လူမျိုးရေးခွဲခြားသည့် မှတ်ချက်စကားများသည် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံရုံသာမက ပါလက်စတိုင်း များအပေါ် ရွံရှာသည့် လူမျိုးရေးခွဲခြားမှု သဘောထားရှိသော အစ္စရေး၏ လက်ရှိအမှန်တရားကိုလည်း အတည်ပြုရာ ရောက်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဂါဇာဒေသ၌ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၉၅၀၀ ခန့် သေဆုံးခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်ရေး နည်းဗျူဟာများအပေါ် နိုင်ငံတကာ၏ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

Source: ရိုက်တာ