CNI International News

ဂူဝါဟတီ ၊ နိုဝင်ဘာ ၇

အမေရိကန် ၊ မြန်မာနှင့် အိန္ဒိယ စစ်တပ်တို့သည် ယခုနှစ်ကုန်နှင့် ဒီဇင်ဘာလထဲတွင် မက်ဂလာယာ (Meghalaya) ပြည်နယ်၊ အမ်ရိုအီ (Umroi JTN) တပ်ပိုင်မြေတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် မလေးရှားစစ်တပ်သည် Umroi JTN တွင် အိန္ဒိယ စစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး ထိုနေရာ၌ ပင် အိန္ဒိယသည် ပြီးခဲ့သည့် ၃ လအတွင်း အခြားနိုင်ငံ ၃ နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

အိန္ဒိယ စစ်တပ်သည်  ပြည်ပနိုင်ငံများမှ စစ်တပ်များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွက် ၂၀၁၆ ခုနှစ် ကတည်းက အမ်ရိုအီတွင် လေ့ကျင့်ရေးကွင်း နေရာအဖြစ် ရည်မှန်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 အမ်ရိုအီဒေသရှိ လေဆိပ်ကိုတွေ့ရစဉ်

အမ်ရိုအီတပ်ပိုင်မြေသည် အူမီယမ် (Umiam) မြစ်တစ်လျှောက် ရှီလောင်း (Shillong) မြို့တော်၏ မြောက်ဘက် တောင်ခြေနေရာတွင် တည်ရှိသည်။

ထိုနေရာသည် ရာသီဥတုကောင်းမွန်ခြင်းနှင့် ပြေပြစ်သည့် မြေနေရာ အနေအထားတို့ကြောင့် စစ်ရေးလေ့ကျင့်ရန် သင့်တော်သော နေရာတစ်ခုအဖြစ် အိန္ဒိယ စစ်တပ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နေရာကို ကမ္ဘာ့ထိပ်သီး စစ်တပ်များ၏ လေ့ကျင့်ရေး စင်တာများနှင့်အတူ တွဲဖက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနဲ့ မလေးရှား စစ်တပ် စစ်ရေးပူးတွဲလေ့ကျင့်စဉ်

Umroi JTN သည် အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်း စစ်ဌာနချုပ်အတွက် ပြည်ပနိုင်ငံများမှ စစ်တပ်များနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်မှုရန် ရွေးချယ်ထားခဲ့သည့် နေရာတစ်ခုဖြစ်သည်။ 

ပြီးခဲ့သည့် ၇ နှစ်အတွင်း ထိုနေရာသည် နိုင်ငံတကာစစ်တပ်များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်သည့် နေရာ တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သော နေရာတစ်ခု ဖြစ်လာခဲ့ သည်။

ထို့ပြင် ထိုနေရာသည် အိန္ဒိယနှင့် ရင်းနှီးမှုရှိသည့် ပြည်ပနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေး၊ စည်းလုံးညီညွတ်ရေး ကို ထူထောင်ရန် ရှေးရှုသော ကတိကဝတ်များကို အထောက်အကူ ဖြစ်စေခဲသည်။

Source: Northeast Now