CNI International News

နယူးဒေလီ၊ မေလ ၁၄

ပြည်ပရုပ်ရှင်ကားများအပေါ် အခွန်များကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်သည် အိန္ဒိယရုပ်ရှင်လောကအပေါ် ဖိအားများ မြင့်တက်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အိန္ဒိယရုပ်ရှင်ကားများသည် ပြည်တွင်းတွင် အခက်အခဲများနှင့် ရုန်းကန်နေရပြီး ပြည်ပတွင် အခွင့်အလမ်းများ ရှာဖွေရန် ကြိုးပမ်းနေချိန်၌ ထရမ့်၏ အခွန်ကောက်ခံမည့် အစီအစဉ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယရုပ်ရှင်များသည် အမေရိကန်တွင် ကြီးမားသည့် အောင်မြင်မှုများရရှိခဲ့ပြီး မြောက်အမေရိကတိုက်၌ Kalki 2898 AD ရုပ်ရှင်သည် ဝင်ငွေ ဒေါ်လာ ၁၈ ဒသမ ၃ သန်း၊ Jawan ရုပ်ရှင်သည် ဒေါ်လာ ၁၅ ဒသမ ၂ သန်း ရရှိခဲ့သည်။

ထို့ပြင် အိန္ဒိယရုပ်ရှင်များသည် မကြာသေးမီ နှစ်များအတွင်း အော်စကာဆုများ၊ အမ်မီဆုများနှင့် ကိန်းစ်ရုပ်ရှင် ထူးချွန်စုများရရှိခဲ့ကာ နိုင်ငံတကာတွင် အောင်ပွဲခံနိုင်ခဲ့သည်။

 အိန္ဒိယဘောလီးဝုဒ်ကားနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယရုပ်ရှင်များသည် ဝင်ငွေ ဒေါ်လာ ၂၄၅ ဒသမ ၈ သန်း ရရှိခဲ့သည်ဟု Motion Picture Association (MPA) နှင့် Deloitte စာရင်းစစ်ကုမ္ပဏီတို့က ထုတ်ပြန်ခဲ့သည်။

သို့သော် ပြည်ပရုပ်ရှင်ကား အားလုံးအပေါ်  အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသည့် ထရမ့်၏ အဆိုပြုချက် သည် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်လုပ်ငန်း၊ အထူးသဖြင့် အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်လောကကို ဂယက်ရိုက်ခတ်ခဲ့ သည်။

၂၀၂၄ ခုနှစ်က အိန္ဒိယရုပ်ရှင်ကားများ၏ ပြည်ပနိုင်ငံများမှ ရရှိသည့် box office ဝင်ငွေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း သည် အမေရိကန်စျေးကွက်မှ ရရှိခြင်းဖြစ်သည်။

ထရမ့်၏ အဆိုပြုချက်အရ အခွန်များ တိုးမြှင့်မည်ဆိုပါက အမေရိကန်တွင် အိန္ဒိယရုပ်ရှင်များ ဖြန့်ချိမှု ကုန်ကျ စရိတ်သည် နှစ်ဆခန့် မြင့်တက်သွားနိုင်ပြီး အမေရိကန်၌ နေထိုင်သည့် ၅ ဒသမ ၂ သန်းခန့်ရှိသော အိန္ဒိယ ပရိသတ် အင်အားသည် လျော့ကျသွားဖွယ်ရှိသည်။

ထို့ပြင် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ရရှိသည့် ဝင်ငွေများ လျော့ကျလာဖွယ်ရှိသဖြင့် အိန္ဒိယရုပ်ရှင်များသည် Netflix နှင့် Amazon Prime ကဲ့သို့ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ပြောင်းလဲပြီး မှီခိုအားထားရဖွယ် ရှိသည် ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia