CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၃

စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏ စာပေအနုပညာ အကြောင်းအရာကို အဓိက ဟောပြောမည့် “Jayatu Bharatam” lecuture series ဟောပြောပွဲ အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သည်။

ထိုဟောပြောပွဲ အစီအစဉ်အား အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့၏ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာနနှင့်မြန်မာနိုင်ငံ တဂိုးအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur၊ Tagore Society Myanmar မှ ကိုယ်စားလှယ် Mr. T.K. Paul၊ Mrs. Aalo Dass နှင့် Tagore Society မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ အကြီးအကဲမစ္စတာ မာရီမုသုတို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် Pracharak Sanatan Dharma Swamsevak Sangh နှင့် PravasiBharatiya Samman Awardee ဒေါက်တာ Ram Niwas နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးမှ အကြီးအကဲများ၊ လူမှုအသိုက်အဝန်းမှ ခေါင်းဆောင်များလည်း ပါဝင်သည်။

ယခုဟောပြောပွဲ အစီအစဉ်တွင် စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏ အတွေးအခေါ်များ၊ ရသမြောက် စာပေအနုလက်ရာ ပေါင်းများစွာကိုလည်း သိရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ဟောပြောပွဲသည် နှစ်နိုင်ငံကြား အသိပညာ၊ သဟဇာတဖြစ်မှုနှင့် ယဉ်ကျေးမှုတံတားတို့ကို ပိုမိုခိုင်မာ စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“Jayatu Bharatam” ဟောပြောပွဲ စီးရီးသည် ယမန်နှစ်တွင် အောင်မြင်သော Ramayan Vyakhyanmala စီးရီး ပြီးနောက် ဆက်လက် ကျင်းပခြင်းဖြစ်သည်။

ပြီးခဲ့သည့် အစီအစဉ်တွင် ဟောပြောပွဲ ၅ ခုအား မတူကွဲပြားသော မြို့များတွင် ပြုလုပ်ခဲ့သည်။ 

ရန်ကုန်မြို့တွင် နှစ်ကြိမ်၊ မန္တလေး၊ ဇေယျဝတီနှင့် ကျောက်တံခါးတို့၌ တစ်ကြိမ်စီ ဖြစ်သည်။

ယခု “Jayatu Bharatam” lecuture series ကိုလည်း ရန်ကုန်မြို့အပြင် ဇေယျာဝတီ၊ ကျောက်တံခါးနှင့် မော်လမြိုင် စသည့် မြို့ကြီးများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။