CNI International News

ဗင်းနစ်၊ စက်တင်ဘာ ၉

၂၀၂၅ ခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည့် တရုတ် သရုပ်ဆောင်မင်းသမီး ရှင်းကျီလိုင် (Xin Zhilei) က ၎င်း၏ အောင်မြင်မှုကို မယုံကြည်နိုင်သေးကြောင်း ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ရှင်းသည် ဒါရိုက်တာ ကိုင်ရှန်ကျွန်(Cai Shangjun) ရိုက်ကူးခဲ့သည့် The Sun Rises on Us All ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

"ကျမ အိပ်မက် မက်နေသလို ခံစားနေရပါတယ်" ဟု ရှင်းက ပြောသည်။

ရှင်းသည် ၂၀၁၁ ခုနှစ်က ဟောင်ကောင်ဒါရိုက်တာ အန်းဟွေ့အွန်ဝါ (Ann Hui On-wah) ရိုက်ကူးခဲ့သည့် A Simple Life ရုပ်ရှင်ဖြင့် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည့် ဒီနီ အစ်ပ် တက်ဟန် (Deanie Ip Tak-han) ပြီးလျှင် ဂုဏ်သိက္ခာကြီးမားသည့် ဗင်းနစ်ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့သည့် ပထမဆုံး တရုတ်မင်းသမီး ဖြစ်သည်။

၎င်းတို့ ၂ ဦး မတိုင်မီ ဗင်းနစ်ရုပ်ရှင်ထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သည့် တရုတ်သရုပ်ဆောင် မင်းသမီးသည် ဂေါင်လီ (Gong Li) ဖြစ်ပြီး သူသည် ၁၉၉၂ ခုနှစ်က The Story of Qiu Ju အမည်ရှိ ရုပ်ရှင်ဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 တရုတ် သရုပ်ဆောင်မင်းသမီး ရှင်းကျီလိုင်ကို တွေ့ရစဉ် 

The Sun Rises on Us All ရုပ်ရှင်ထဲတွင် ရှင်းသည် အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မေယုံ (Meiyun) အမည်ရှိ ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဟေလုံးကျန်း (Heilongjiang) ပြည်နယ်တွင် မွေးဖွားခဲ့သည့် ရှင်းသည် ဟာပင် (Harbin) မြို့တွင် ဖက်ရှင် ဒီဇိုင်နာ သင်တန်းကို တက်ရောက်ခဲ့သူဖြစ်သည်။

"ကျမက ဒီဇိုင်နာ တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သရုပ်ဆောင် ဖြစ်လာခဲ့တာလေ။ လုံးဝ မမျှော်လင့်ခဲ့တာပါ။ သရုပ်ဆောင် စလုပ်ပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ သရုပ်ဆောင်အလုပ်ကို ချစ်မြန်နိုးလာခဲ့ တာပါ" ဟု ရှင်းက ပြောကြားခဲ့သည်။

ရှင်းသည် ၎င်း၏ သရုပ်ဆောင်ဘဝ ပွဲဦးထွက်ကို ၂၀၁၁ ခုနှစ်က Painted Skin ရုပ်ရှင်ဇာတ်လမ်းတွဲဖြင့် စတင်ခဲ့ ခြင်း ဖြစ်သည်။

"အစပိုင်းကတော့ အရမ်းခက်ခဲခဲ့တယ်။ ဘာလို့လဲဆိုတော့ လေ့လာသင်ယူစရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမယ့် ကျမ အပြင်းအထန် ကြိုးစားခဲ့တာကြောင့် ဒီနေရာအထိ ရောက်လာခဲ့တာပါ" ဟု ရှင်းက ပြောကြား ခဲ့သည်။

Source: South China Morning Post