CNI International News

နယူးဒေလီ၊ ဖေဖော်ဝါ ၂၆

အိန္ဒိယနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကုန်သွယ်ရေး ဆက်ဆံမှုများကို တိုးမြှင့်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြည်ပနိုင်ငံများမှ တင်ပို့သည့် ကုန်စည်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာ ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိ ပေးခဲ့နေချိန်တွင် အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့က ကုန်သွယ်ရေး အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သို့ တင်ပို့သည့် ပြည်ပနိုင်ငံများ၏ ကုန်စည်များကို စည်းကြပ်ခွန်များ တိုးမြှင့်မည့် သမ္မတဒေါ်နယ် ထရမ့် (Donald Trump) ၏ အစီအစဉ်သည် အမေရိကန်-ဥရောပ-အာရှ ကုန်သွယ်ရေး အရှိန်အဟုန်ကို ပုံစံ ပြောင်းလဲ စေလိမ့်မည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။

ဥရောပနဲ့အိန္ဒိယ ကုန်သွယ်ရေးကို ဖော်ပြထားစဉ်

အိန္ဒိယနှင့် ဘယ်လ်ဂျီယံတို့သည် နှစ်နိုင်ငံအကြား ဒုတိယအကြိမ်မြောက် ကုန်သွယ်ရေးနှင့် နည်းပညာကောင်စီ အစည်းအဝေးကိုလည်း ကျင်းပရန် စီစဉ်ထားသည်။

ထိုအစည်းအဝေးသည် အိန္ဒိယနှင့် အမေရိကန်ကြား မိတ်ဖက်ဆက်ဆံရေးနှင့် အလားတူ အစည်းအဝေး ပုံစံမျိုး ဖြစ်သည်။

အိန္ဒိယနှင့် ဥရောပသမဂ္ဂသည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (FTA) ရရှိရန် ကာလကြာရှည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှုမှာ နှေးကွေးခဲ့သည်။

“ပထဝီနိုင်ငံရေး အခြေအနေတွေကြောင့် အိန္ဒိယ-ဥရောပသမဂ္ဂ အစည်းဝေးဟာ ယခင်မျှော်မှန်းထားတာထက် ပိုပြီး အရေးကြီးလာခဲ့ပါတယ်” ဟု O.P. Jindal Global တက္ကသိုလ်၏ ပါမောက္ခဖြစ်ပြီး အိန္ဒိယသံတမန်ဟောင်း တစ်ဦးဖြစ်သည့် မိုဟန် ကူမာ (Mohan Kumar) က ပြောကြားခဲ့သည်။

သို့သော် အမေရိကန်နှင့် အခွန်စစ်ပွဲဖြစ်ပွားမှု၊ ပထဝီနိုင်ငံရေး အခြေအနေ မသေချာမှုများသည် အိန္ဒိယနှင့် ဥရောပ သမဂ္ဂအကြား FTA လက်မှတ်ရေးထိုးမည့် အခြေအနေကို မရေမရာ ဖြစ်စေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ထရမ့်ကမူ ဥရောပသမဂ္ဂ အနေဖြင့် အမေရိကန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမို ဝယ်ယူခြင်းမပြုပါက ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလိမ့်မည်ဟု မကြာခဏ ခြိမ်းခြောက် ပြောဆိုခဲ့သည်။

Source: South China Morning Post