CNI International News

နယူးဒေလီ၊ ဇန်နဝါရီ ၂၇

အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့သည် ကာလကြာရှည် ညှိနှိုင်းခဲ့ရသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်(FTA)ကို လက်မှတ်ရေးထိုးရန် အလွန်နီးစပ်နေပြီဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၇ ရက်တွင် နယူးဒေလီ (New Delhi) မြို့တော်၌ ကျင်းပမည့် အိန္ဒိယ-အီးယူ ထိပ်သီး အစည်းအဝေးတွင် တရားဝင် ထုတ်ပြန်ကြေညာ ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက် ဥရောပလွှတ်တော်၏ အတည်ပြုချက်ရယူရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်သည်။

အတည်ပြုသည့် လုပ်ငန်းစဉ်များ ပြီးမြောက်ပါက နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည်ဖြစ် သည်။

အိန္ဒိယအလံနဲ့ ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်

အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နှောင်းပိုင်းမှစ၍ အမေရိကန်က ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် လိုက်ခြင်း ကြောင့် ထိခိုက်ခဲ့ရသည့် အိန္ဒိယ၏ အထည်အလိပ်နှင့် လက်ဝတ်ရတနာ ပို့ကုန်ကဏ္ဍကို ပြန်လည် ဦးမော့လာ စေမည်ဖြစ်သည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက ဥရောပလွှတ်တော် အမတ်များသည် အီးယူ-တောင်အမေရိက (EU-South America) ကုန်သွယ်ရေးစာချုပ်ကို ဥရောပတရားရုံးချုပ်တွင် စောဒကတက်ရန် မဲခွဲဆုံးဖြတ်ခဲ့သဖြင့် ကုန်သွယ်ရေး စာချုပ်များ အတည်ပြုရာတွင် ကြန့်ကြာခြင်း သို့မဟုတ် ရှုပ်ထွေးမှုများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

ယခုကုန်သွယ်ရေး စာချုပ်သည် ပြီးခဲ့သည့် ၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ၉ ခုမြောက် ကုန်သွယ်ရေး သဘောတူ ညီချက် ဖြစ်လာမည်ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးတွင် ပြည်တွင်း လုပ်ငန်းများကို ပြည်ပ၏ ယှဉ်ပြိုင်မှုအား ကာကွယ်ပေးသည့်စနစ် ပိုမိုအားကောင်းလာချိန်၌ ဈေးကွက်တစ်ခု ရရှိလိုသည့် အိန္ဒိယ၏ ကြိုးပမ်းမှုကို ထင်ဟပ် စေသည်။

အိန္ဒိယကုန်သွယ်ရေး နားလည်မှုလက်မှတ်ထိုးကြစဉ်

ဥရောပသမဂ္ဂ အတွက်မူ ယခုသဘောတူညီချက်သည် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်ကို နယ်ပယ်အသီးသီး သို့ ခွဲထုတ်နိုင်ရန် အထောက်အကူပြုပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချ ပေးနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော အိန္ဒိယ၏ ဒေါ်လာ ၄ ဒသမ ၂ ထရီလျံ တန်ဖိုးရှိသည့် စီးပွားရေး ဈေးကွက်အတွင်းသို့လည်း ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နည်းတူ အိန္ဒိယ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် ပါဝင် ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း  ဥရောပသမဂ္ဂနှင့် အိန္ဒိယကြား ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍ၌ ကုန်သွယ်မှု တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၉၀ ဘီလျံ ကျော်ရှိခဲ့သည်။

အိန္ဒိယသည် အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂသို့ ဒေါ်လာ ၇၆ ဘီလျံ တန်ဖိုးရှိ ကုန်စည်များနှင့်  ဒေါ်လာ ၃၀ ဘီလျံ တန်ဖိုးရှိသည့် ဝန်ဆောင်မှုများကို တင်ပို့နိုင်ခဲ့သည်။

Source: ရိုက်တာ