CNI International News

ဘေဂျင်း၊ ဇန်နဝါရီ ၂၇

ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဇန်နဝါရီ ၂၆ ရက်တွင်  ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၅၁၀၀ အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင် မြင့်တက်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

လက်ရှိ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည့် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဒေါ်လာအပေါ် မှီခိုမှု လျှော့ချရန် ကြိုးပမ်းမှုများကြားတွင် ရွှေကို မဟာဗျူဟာမြောက် အကာအကွယ် တစ်ခုအဖြစ် ပိုမိုရှုမြင်လာကြ၍ ရွှေဈေးနှုန်းမှာ ဆက်လက် မြင့်တက်နိုင်ကြောင်း ဝေဖန်ဆန်းစစ် သူများက ခန့်မှန်းထားကြသည်။

“ပထဝီနိုင်ငံရေး အန္တရာယ်တွေနဲ့ မက်ခရိုစီးပွားရေး အခြေအနေတွေ မြင့်တက်လာတာကို ကြည့်ရင် အခုလို ရွှေဈေး လှုပ်ခတ်လာတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေလို့ မြင်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး လုပ်ငန်း William Blair မှ ကျွမ်းကျင်သူ အလက်ဇန်းဒါး ဆင်မြွန်နီဒီ (Alexandra Symeonidi) က ပြောကြား ခဲ့သည်။

“ကျမတို့ဟာ ပထဝီနိုင်ငံရေး အန္တရာယ်တွေ မြင့်တက်နေတဲ့ အခြေအနေနဲ့ နှစ်သစ်ကို စတင်ခဲ့တာပါ။ ဗင်နီဇွဲလား သတင်းတွေနဲ့ ဂရင်းလန်း သတင်းတွေကြောင့် ရွှေဈေးနှုန်းဟာ အားကောင်းကောင်းနဲ့ မြင့်တက်နေတာ ဖြစ်ပါ တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

စီးပွားရေး မရေရာမှုများနှင့် ဘဏ္ဍာရေးဈေးကွက်ကို မတည်မငြိမ် ဖြစ်စေသည့် ပထဝီနိုင်ငံရေး အခြေအနေများ ကြောင့် လုံခြုံစိတ်ချရသော ရင်းနှီးမြှုပ်နှံမှုအဖြစ် ရွှေကို ဝယ်လိုအား မြင့်တက်နေခြင်းက ဈေးနှုန်းကို မြင့်တက် စေခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ အကျိုးဆောင်လုပ်ငန်း XS.com မှ စီနီယာ ဈေးကွက်ဆန်းစစ်သူ အန်တိုနီယို ဒီ ဂျာကိုမို (Antonio Di Giacomo)က ပြောသည်။ 

Goldman Sachs ဘဏ်ကလည်း ရွှေဈေးနှုန်းသည် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက် မြင့်တက်နေမည်ဟု ခန့်မှန်း ထားကြောင်း Bloomberg သတင်းဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Goldman Sachs ဘဏ်သည် တည်ငြိမ်မှုကို ရှာဖွေနေသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအားကို အကြောင်းပြုပြီး ရွှေဈေးနှုန်း ခန့်မှန်းချက်အား ယခင်ခန့်မှန်းချက် တစ်အောင်စလျှင် ဒေါ်လာ ၄၉၀၀ မှ ယခုအခါ ဒေါ်လာ ၅၄၀၀ အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

မြင့်တက်လာသော ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ငွေကြေးလျှော့ချမှု မူဝါဒများနှင့် ဒေါ်လာတန်ဖိုး ကျဆင်းလာ နိုင်သည့်အပေါ် စိုးရိမ်မှုများ စသည့် အခြေအနေ အရပ်ရပ် ပေါင်းဆုံနေခြင်းကြောင့် ရွှေဈေး အရှိန်အဟုန်မှာ ဆက်လက် မြင့်တက်နေခြင်း ဖြစ်သည်ဟု ING ဘဏ်၏ Greater China ဒေသဆိုင်ရာ အကြီးအကဲ စီးပွားရေး ပညာရှင် လင်းဆောင်း (Lynn Song) က သုံးသပ်ထားသည်။

“လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာ အခုလို ဈေးတက်လာတဲ့ အရှိန်အဟုန်က လက်လီ ရင်းနှီးမြှုပ်နှံသူ တွေကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပုံ ပေါ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး နီးပါးမှာလည်း ရင်းနှီးမြှုပ်နှံသူ အမျိုးမျိုးဆီ ကနေ ရွှေဈေးနှုန်း လှုပ်ခတ်မှုအပေါ် စိတ်ဝင်စားမှု အဆင့်အတန်း မြင့်မားလာတာကို ကျနော်တို့ သတိပြုမိခဲ့ပါ တယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: South China Morning Post