CNI International News

လန်ဒန်၊ ဇွန်လ ၁၄

Bitcoin နှင့် Stablecoins အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးများသည် လုံခြုံစိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သော  ရွေဈေးကွက်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိကြောင်း ကမ္ဘာ့ရွှေကောင်စီ (World Gold Council) မှ ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။

ရွှေများကို ရေရှည်ဝယ်လိုအား ကောင်းမွန်နေမှုသည် အမေရိကန် ဒေါ်လာတန်ဖိုး၊ ကုန်သွယ်ရေးနှင့် ပထဝီ နိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်ပြီး မြင့်တက်နေသည့် စိုးရိမ်မှုများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ၏ သုတေသနအကြီးအကဲနှင့် ဈေးကွက်မဟာဗျူဟာပညာရှင် ဂျွန် ရိဒ် (John Reade) က ပြောကြားခဲ့သည်။

“Bitcoin နဲ့ အခြား ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ဈေးကွက်ထဲမှာ ရွှေထက် ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အဖြစ် ဖော်ပြခံနေရပါတယ်။ ရွှေ 2 .0 (gold 2.0) ဒါမှမဟုတ် ဒစ်ဂျဟ်တယ်ရွှေ (digital gold) ဆိုတဲ့ နာမည်တွေ နဲ့ အမွှမ်းတင်နေကြပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အဲဒါတွေက ယုတ္တိအမှားတွေ ဖြစ်ပါတယ်”ဟု ဂျွန်ရိဒ် က ပြောကြားခဲ့သည်။

ကမ္ဘာ့ရွှေကောင်စီနဲ့ ရွှေတုံးကို တွေ့ရစဉ်

ဒစ်ဂျစ်တယ် ငွေကြေးများနှင့် ရွှေကြား ကွာခြားချက်မှာ ရွှေသည် ဈေးကွက်ပြိုလဲမှုကို ထိန်းပေးထားနိုင်စွမ်းရှိပြီး ဒစ်ဂျစ်တယ် ငွေကြေးများသည် ရွှေနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ရွှေကိုလည်း အန္တရာယ်ဖြစ်စေမည် မဟုတ်ကြောင်း ၎င်းက အလေးထား ပြောဆိုခဲ့သည်။

“ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ရွှေအတွက် ခြိမ်းခြောက်မှု ဖြစ်လာမှာကို ကျနော် မစိုးရိမ်ပါဘူး။ ဒစ်ဂျစ်တယ် ငွေကြေးတွေကို ထောက်ခံသူတွေ အနေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေကို gold 2.0 ဆိုပြီး အမည်တပ်နေတာကို ရပ်တန့်စေချင်ပါတယ်။ ရွှေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးက သဘောသဘာဝချင်း ကွဲပြားပါတယ်” ဟု ဂျွန်ရိဒ်က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် ဒစ်ဂျစ်တယ် ငွေကြေးများ၏ တန်ဖိုးများသည် တည်ငြိမ်စွာ မြင့်တက်နေသဖြင့် ဒစ်ဂျစ်တယ် ငွေကြေးများအပေါ် ဈေးကွက်စိတ်ဝင်စားမှု မြင့်တက်နေချိန်၌ ၎င်း၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Source: South China Morning Post