CNI International News

တိုကျို၊ ဇွန်လ ၁၄

ဇွန်လ ၁၃ ရက် နံနက် အစောပိုင်းက အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့ ကာ အာရှ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့ပြီး ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။

ဂျပန်၏ ယန်းငွေကြေးမှလွဲပြီး အာရှနိုင်ငံအများစု၏ နိုင်ငံသုံးငွေကြေး တန်ဖိုးများသည် အမေရိကန် ဒေါ်လာနှင့် ငွေလှဲနှုန်းတွင် တန်ဖိုးများ ကျဆင်းသွားခဲ့သည်။

ဒေါ်လာနှင့်ငွေလဲနှုန်းတွင် ကိုရီးယား၏ ဝမ်ငွေကြေး တန်ဖိုးသည် ၀ ဒသမ ၉ ရာခိုင်နှုန်း၊ အိန္ဒိယနှင့် မလေးရှား၏ ရူပီးငွေကြေး တန်ဖိုးများသည် ၀ ဒသမ ၄ ရာခိုင်နှုန်းစီနှင့် စင်္ကာပူဒေါ်လာ၏ တန်ဖိုးသည် ၀ ဒမသ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော် ဂျပန်၏ ယန်းငွေကြေးတန်ဖိုးသည် ဒေါ်လာနှင့်ငွေလဲနှုန်းတွင် ၀ ဒသမ ၇၃ မြင့်တက်ခဲ့သည်။

ရေနံများ အဓိကထုတ်လုပ်သည့် အရှေ့အလယ်ပိုင်းဒေသတွင် ရန်လိုမုန်းတီးမှုများ မြင့်တက်လာမှုနှင့်အတူ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးများသည်လည်း မြင့်တက်လာခဲ့သည်။

ရေနံတူးဖော်နေစဉ်

Brent Crude စံသတ်မှတ်ချက်တွင် ရေနံစိမ်း တစ်စည်လျှင် ၇၄ ဒသမ ၄၉ ဒေါ်လာ အထိရှိခဲ့ကာ တစ်စည်လျှင် ၅ ဒသမ ၄၃ ဒေါ်လာမြင့်တက်ခဲ့ပြီး WTI စံသတ်မှတ်ချက်တွင်လည်း ရေနံစိမ်းတစ်စည်လျှင် ၇၃ ဒသမ ၅၉ ဒေါ်လာ ရှိခဲ့ကာ တစ်စည်လျှင် ၅ ဒသမ ၅၅ ဒေါ်လာ မြင့်တက်ခဲ့သည်။

ထို့ပြင် ရွှေဈေးများသည်လည်း တစ်အောင်စလျှင် ၃၄၄၄ ဒသမ ၀၆ ဒေါ်လာအထိ မြင့်တက်ခဲ့ကာ ထိုနှုန်းထား သည့် ဧပြီလက ရွှေတစ်အောင်စလျှင် ၃၅၀၀ ဒသမ ၀၅ ဒေါ်လာ အထိရှိခဲ့သည့် စံချိန်တင် အမှတ်နီးပါးအထိ ရောက်ရှိခဲ့သည်။

အမေရိကန် S&P E-mini (ES) စတော့ရှယ်ယာ ဈေးကွက်တွင် တန်ဖိုး ၁ ဒသမ ၆ ရာခိုင်နှုန်း၊ Nasdaq စတော့ ရှယ်ယာတွင် တန်ဖိုး ၁ ဒသမ ၇ ရာခိုင်နှုန်း၊ Pan-European STOXX 50 ဈေးကွက်တွင် တန်ဖိုး ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

“ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတာက အရင်ကတည်းက သေချာရေရာမှုမရှိတဲ့ အခြေအနေ ကို ပိုမိုဆိုးရွားစေခဲ့ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ၏ Saxo ဘဏ်လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံ့ရေး မဟာဗျူဟာပညာရှင် ချာရူ ချာနာနာ (Charu Chanana) က ပြောကြားခဲ့သည်။

Source: Nikkei Asia