CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၅
အစ္စရေးနှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဆက်လက် တည်မြဲနေလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သဖြင့် ရေနံစျေးနှုန်းများကျဆင်းပြီး အာရှစတော့ရှယ်ယာတန်ဖိုးများ တက်လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
Brent crude ရေနံစျေးနှုန်းသည် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အီရန် နျူကလီးယား စက်ရုံများကို အစ္စရေးက တိုက်ခိုက်ချိန်က တက်သွားခဲ့သည့် ရာခိုင်နှုန်းအားလုံး ကျဆင်းသွားခဲ့သည်။
သို့သော် အပစ်အခတ်ရပ်စဲမှု အစောပိုင်း ကာလတွင် အစ္စရေးက အီရန်၏ ဒုံကျည်တိုက်ခိုက်မှုကို ပြန်လည် တုံ့ပြန်တိုက်ခိုက်သည့် သတင်းများ ထွက်ပေးခဲ့သဖြင့် ဇွန်လ ၂၄ ရက် အစောပိုင်း၌ ရေနံစိမ်း တစ်စည်လျှင် ၆၉ ဒေါ်လာအထိရှိခဲ့ပြီး နောက်ပိုင်းမှာတော့ စျေးနှုန်းများ ပြန်လည်လျော့ကျခဲ့သည်။
အီရန်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် ဒုံးကျည်များ ပစ်လွှတ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ ပြီး ထရမ့်ကလည်း အစ္စရေးကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းမပြုရန် မေတ္တာရပ်ခံ ခဲ့သည်။
အီရန်မြေပုံနဲ့ ရေနံပိုက်လိုင်းကို ဖော်ပြထားစဉ်
အစ္စရေးနှင့်အီရန်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားချိန်က Brent crude ရေနံစိမ်းစျေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၈၀ နီးပါးအထိ မြင့်တက်ခဲ့သဖြင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မည့် အခြေအနေကို စိုးရိမ်ခဲ့ ကြသည်။
S&P 500 futures စတော့ရှယ်ယာ တန်ဖိုးတွင် ၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဥရောပနှင့် အာရှ၏ စတော့ရှယ်ယာ တန်ဖိုးများလည်း ပြန်လည်မြင့်တက်ခဲ့သည်။
ဒေါ်လာ တန်ဖိုးသည်လည်း အခြားနိုင်ငံများ၏ ငွေကြေးတန်ဖိုးများနှင့် ယှဉ်ပါက ပဋိပက္ခဖြစ်နေသည့် အချိန် ကလောက် မြင့်တက်ခဲ့ခြင်းမရှိဘဲ အနည်းငယ် ကျဆင်းခဲ့သည်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဘယ်အချိန်အထိ ခိုင်မြဲမလဲဆိုတာ အာမခံချက် မရှိပါဘူး။ အဲဒါ ကြောင့် စျေးကွက်တွေရဲ့ အခြေအနေဟာလည်း သေချာရေရာမှု မရှိသေးပါဘူး” ဟု ဆွစ်ဇာလန်နိုင်ငံ၏ EFG Asset Management ကုမ္ပဏီ၏ စီအီးအို ဒန်နီယယ် မာရေး (Daniel Murray) က ပြောကြားခဲ့သည်။
Source: Nikkei Asia