CNI International News
ဟဲလ်ဆင်ကီး၊ ဇွန်လ ၂၅
သံတမန်ဆက်ဆံရေး တင်းမာနေသည့် ရုရှားနှင့် စစ်ဖြစ်မည်ကို ဖင်လန်က စိုးရိမ်နေပြီး နယ်စပ်ဒေသ ကာကွယ်ရေးအား မြှင့်တင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ရုရှားနှင့် ဖင်လန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ဖင်လန်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလက နေတိုးအဖွဲ့ထဲ ပူးပေါင်းဝင်ရောက်ခဲ့သဖြင့် နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားကြား နယ်စပ်ဒေသ ထိစပ်မှုသည် ကီလိုမီတာ ၂၅၀၀ အထိ ရှိလာခဲ့သည်။
ဖင်လန်-ရုရှား နယ်စပ်သည် ၁၃၄၀ ကီလိုမီတာ အရှည်ရှိသဖြင့် ဥရောပ၏ အရှည်ဆုံး နယ်စပ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် နေတိုး-ရုရှား နယ်စပ်သည် နေတိုးအဖွဲ့၏ အရှည်လျားဆုံး နယ်စပ်ခြင်း ထိတွေ့မှု ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ်မှစပြီး ဖင်လန်သည် ရုရှားနှင့် ထိစပ်နေသည့် နယ်စပ်ဒေသအနက် ကီလိုမီတာ ၂၀၀ အရှည်ရှိပြီး ၄ ဒသမ ၅ မီတာ (၁၄ ပေကျော်) မြင့်မားသည့် နယ်စပ်စည်းရိုးကို တည်ဆောက်ခဲ့သည်။
ဖင်လန်နဲ့ရုရှား၊ နေတိုး နယ်စပ်ထိစပ်မှုကိုတွေ့ရစဉ်
ထို့နောက် နယ်စပ်ခြံစည်းရိုးကို သံဆူးကြိုးများ၊ ကင်မရာများ၊ လှုပ်ရှားမှုအာရုံခံ ကိရိယာများ၊ မီးမောင်းများနှင့် အသံချဲ့စက်များကို တပ်ဆင်ခဲ့သည်။
ထိုနယ်စပ်ခြံစည်းရိုး တည်ဆောက်မှုသည် လက်ရှိတွင် ၂၅ ကီလိုမီတာ အရှည်အထိ တည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၆ ခုနှစ်ကုန်ပိုင်း၌ အပြီးသတ် တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။
၂၀၂၃ ခုနှစ်က ရုရှား-ဖင်လန် နယ်စပ်မှ ရွှေ့ပြောင်းနေထိုင်သူ အများအပြား ဝင်ရောက်ခဲ့သဖြင့် ထိုနယ်စပ် စည်းရိုး စီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ပြီ ရုရှားသည် ရွှေ့ပြောင်းနေထိုင်သူများကို လက်နက်အဖြစ် အသုံးချနေကြောင်း ဖင်လန်က စွပ်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် နယ်စပ်ဒေသရှိ ဖြတ်သန်းသွားလာသည့် ဂိတ်ပေါက် ၈ ခုစလုံးကို ပိတ်ပင်ခဲ့သည်။
ဥရောပသမဂ္ဂကလည်း ဖင်လန်နှင့် အိမ်နီးချင်း နိုင်ငံများကို နယ်စပ်ဒေသ ကင်းလှည့်သည့် နည်းပညာများနှင့် ဒရုန်းကာကွယ်ရေး စနစ်များအတွက် ယူရို သန်း ၁၇၀ ထောက်ပံ့ရန် လျာထားခဲ့သည်။
ထို့ပြင် ဖင်လန်သည် ၎င်း၏ စစ်အင်အားကိုလည်း မြှင့်တင်နေပြီး အရန်စစ်မှုထမ်း အသက်ကို ၆၅ နှစ်အထိ မြှင့်တင်ခဲ့ကာ ၂၀၃၁ ခုနှစ်ရောက်လျှင် တန်းပြည့်စစ်မှုထမ်းနှင့် အရန်စစ်မှုထမ်းအင်အား စုစုပေါင်း ၁ သန်းအထိ ရှိလာစေရန် မျှော်မှန်းထားသည်။
Source: ရိုက်တာ