CNI International News

ပဲရစ်၊ ဇွန်လ ၁၉

အီရန်-အစ္စရေး ပဋိပက္ခတွင် အီရန်အပေါ် စစ်ရေးဖြင့် ပြင်းထန်စွာ တုံ့ပြန်မည်ဆိုပါက အီရန်အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်သွားစေနိုင်ပြီး အီရန်နှင့် ဒေသတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် အစ္စရေးနှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ဆောင်ရန် ကနေဒါတွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေးမှ စောစောစီးစီး ထွက်ခွာသွားခဲ့ကြောင်း မက်ခရွန်က ဇွန်လ ၁၆ ရက် တွင် ပြောကြားခဲ့သည်။

သို့သော် ထရမ့်ကမူ မက်ခရွန်၏ ပြောကြားချက်သည် မှားယွင်းကြောင်းနှင့် ကနေဒါမှ ဝါရှင်တန်သို့ ခပ်စောစော ပြန်သွားရခြင်းသည် အပစ်အခတ်ရပ်စဲရေးနှင့် မသက်ဆိုင်ကြောင်း X လူမှုမီဒီယာတွင် ဇွန်လ ၁၇ ရက်က ရေးသား ခဲ့သည်။

အီရန်ခေါင်းဆောင် အလီခါမေနီကို တွေ့ရစဉ်

ထို့နောက် ထရမ့်က အီရန်ကို ခြွင်းချက်မရှိ အညံ့ခံ လက်နက်ချရန် တိုက်တွန်းခဲ့ပြီး အမေရိကန်၏ စိတ်ရှည် သည်းခံမှုသည် ကုန်ဆုံးလာပြီဖြစ်ကြောင်း သတိပေးခဲ့သည်။

အစ္စရေးကလည်း အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်း မရှိစေရန် စစ်ဆင်ရေး စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အီရန်ကမူ ၎င်းတို့သည် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ထရမ့်သည် G-7 အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ချိန်က အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိစေရန် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ထရမ့်သည် စိတ်ပြောင်းသွားခဲ့ပုံပေါ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“ကျနော်တို့ကလည်း အီရန်ကို နျူကလီးယားလက်နက် ရမသွားစေချင်ပါဘူး။ ဒါပေမယ့် အကြီးဆုံး အမှားကတော့ အီရန်အစိုးရကို ပြောင်းလဲဖို့ စစ်ရေးနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒါက ဒေသတွင်း ပရမ်းပတာ အခြေအနေတွေ ဖြစ်သွားစေနိုင်ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဆီကို အမြန်ဆုံး ပြန်သွားသင့်ပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မားဇ် (Friedrich Merz) ကမူ အစ္စရေးသည် အနောက်နိုင်ငံများအတွက် မကောင်း သည့် အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်ပြီး အမေရိကန်၏ ထောက်ခံမှုမရှိပါက လွယ်လွယ်နှင့် ကျရှုံးနိုင်ကြောင်း ပြောကြားခဲ့သည်။

“အစ္စရေး စစ်တပ်တစ်ခုတည်းနဲ့တော့ ဒါကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါဘူး။ လက်နက်အင်အား လိုပါတယ်။ ဒါပေမယ့် အစ္စရေးဘက်မှာ အမေရိကန်ရှိနေတယ်” ဟု မားဇ်က ပြောကြားခဲ့သည်။

Source: ရိုက်တာ