CNI New

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာ၌ ကြားခံ တတိယအင်အားစု မပါဘဲ တွေ့ဆုံဆွေးနွေးပါက ပြေလည်ရန် မလွယ်ကူဘူးဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် တရုတ်၊ အိန္ဒိယ၊ အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တိုက်တွန်းထားသလို ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများနှင့် NCA ထိုးထား သော လက်နက်ကိုင် ၇ ဖွဲ့ကလည်း တိုက်တွန်းလျက်ရှိနေသည်။

မြန်မာ့အရေးကို မြန်မာနိုင်ငံသားများကသာ ဦးဆောင် ဖြေရှင်းရမည်ဟု နိုင်ငံတကာက ပြောနေသည့်တိုင် မြန်မာနိုင်ငံသားများပဲ သီးသန့် ဖြေရှင်းလျှင် အဖြေမထွက်နိုင်ကြောင်း၊ ကြားခံတတိယ အင်အားစုတစ်ခု ပါဝင်မှ အဖြေထွက်နိုင်မည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲတာက အာဆီယံက ပြောနေကြစကားပဲလေ အာဆီယံ အခုလက်ရှိ မလေးရှားက ပြောတာက Myanmar Lead Myanmar Own မြန်မာနိုင်ငံသားတွေပဲ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံသားတွေပဲ ပိုင်ဆိုင်တဲ့ ပြဿနာ ဖြေရှင်းရေးပေါ့လေ။ အဲတာကို လုပ်ရမယ်လို့ သူတို့က ပြောနေတယ်။ သို့သော် ဒီပွဲမှာ ထိပ်တိုက်တွေ ဖြစ်နေတဲ့ အခါကျတော့ ကြား တတိယအင်အားစု မပါဘဲနဲ့တွေ့ဆုံဖို့၊ ဆွေးနွေးဖို့၊ ပြေလည်ဖို့ဆိုတာတော့ မလွယ် ဘူး။  ဒီမြန်မာပြည်ရဲ့ အနေအထားပေါ့။ မြောက်ပိုင်းမှာတောင်မှ တရုတ်နိုင်ငံက ကြားဝင်ပြီးတော့ ညှိနှိုင်းဖြေရှင်း ပေးတဲ့အတွက် မြောက်ပိုင်းအဖွဲ့ တချို့နဲ့ လက်ရှိ စစ်ကောင်စီနဲ့က ပြေလည်ရာပြေလည်ကြောင်း ဖြစ်သွားတာ လေးတွေရှိတယ်။ ထို့အတူပဲ တခြား ပဋိပက္ခတွေမှာလည်း ဒီလိုပါပဲ အခု မလေးရှားကိုယ်စားလှယ်လည်း ချင်းမိုင် ရောက်ပြီးတော့ နယ်စပ်က အဖွဲ့တွေနဲ့ တွေ့တယ်လို့ ကြားပါတယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးကို အဖြေရှာနိုင်ရေးကို ဦးတည်စေချင်တဲ့ သဘောနဲ့ မလေးရှား အထူးကိုယ်စားလှယ်လည်း လာတယ်လို့ သိရပါတယ်၊ သို့သော် မြန်မာ ကြီးပဲ သက်သက်တော့ ပြေလည်ဖို့ မလွယ်ဘူး တွေ့ဖို့တောင် မလွယ်ဘူး ယုံကြည်မှုက မရကြဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုမရှိဘဲ တွေ့ဆုံတယ်ဆိုတာက ဘာမှအဖြေရမှာ မဟုတ်ဘူး။ ဒါကြောင့် ယုံကြည်မှုရဖို့က အာမခံပေးတဲ့ ကြားခံပေါ့။  နိုင်ငံကြီးတစ်ခုခု သော်လည်းကောင်း၊ နိုင်ငံအစုအဖွဲ့ပေါ့ ဒီအာဆီယံသော်လည်းကောင်း၊ ဒီကုလသမဂ္ဂ သော်လည်းကောင်း အဲလို ပါဝင်ပတ်သက်ပြီးတော့ ထိန်းကျောင်းပေးမှ သက်သေလုပ်ပေးမှ ဆွေးနွေးပွဲတွေက အောင်မြင်မယ့် သဘောရှိပါတယ်”ဟု ပြောသည်။

လက်နက်ကိုင် အင်အားစုကိုတွေ့ရစဉ်

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်မည်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခ အားလုံး ချုပ်ငြိမ်းအောင် အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး ပြဿနာကို မြန်မာနိုင်ငံသားများ ကိုယ်တိုင် ဖြေရှင်းမှရမည်ဟု ရခိုင့် ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ အကျဉ်းအကျပ်ကို ဘယ်လိုကျော်ဖြတ်မှာလဲ၊ နစကသည် ထပ်ပြီးတော့ ဘယ်လောက်ထိ ထပ်ပြီးတော့ တာဝန်ယူစေချင်သလဲ။ လူထုရဲ့ အကျဉ်းအကျပ်ပေါ့ဗျာ။ စစ်ဘေးဒဏ် လချီရှိနေကြပြီ အများကြီးပဲ။ အဓိက နိုင်ငံပြန်လည်ထူထောင်မှု ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပေါ့ဗျာ။ နိုင်ငံရေးအရ နောက်လုံခြုံရေးအရ တည်ငြိမ်မှု အဲဒီဥစ္စာမရရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့အောင် ဘယ်လိုပြန်လုပ်မှာလဲ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းအောင် အပေးအယူတွေနဲ့ဘယ်လို ညှိနှိုင်းကြမှာလဲ အိမ်နီးနားချင်း ကျောချင်းနံကပ် ချိတ်ဆက်နေတဲ့ နိုင်ငံတွေက ဘယ်လိုပံ့ပိုးကူညီကြမှာလဲ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်မှုမှာ အိန္ဒိယရှိမယ်၊ ဘင်္ဂလားဒေ့ရှ်ရှိမယ်၊ ထိုင်းရှိမယ်၊ လာအိုရှိမယ်၊ တရုတ်ရှိမယ် အဲဒီနိုင်ငံတွေလောက် အမေရိကားက ကိုယ်ချင်းမစာနိုင်ဘူး ဩစတြေးလျ ကိုယ်ချင်းမစာနိုင်ဘူး။ အဝေးမှာဘာမှ လုပ်နိုင်ကိုင်နိုင်တာ မဟုတ်တဲ့ ကုလသမဂ္ဂ ဘာမှမသိဘူး၊ ဘာမှမလုပ်နိုင်ဘူး။ အာဆီယံလည်း ဘာမှမလုပ်နိုင်ဘူး အဲတော့ မြန်မာလူထုရဲ့အနေအထားက မြန်မာနိုင်ငံရေးပြဿနာကို မြန်မာလူထုက ကိုယ်တိုင် ဖြေရှင်းမှရမယ်။ တစ်ဖက်က အာဆီယံရဲ့ လက်ရှိ ဘာခေါ်မလဲ ဟိုတုန်းက သွားနေတဲ့ high point consistent နဲ့ လက်ရှိသွားတဲ့ ရွေးကောက်ပွဲ နောက်ဆုတ်ပါဆိုတဲ့ဥစ္စာသည် အလွန်တရာ လက်ရှိနိုင်ငံရေး လိုအပ်ချက်နဲ့ ပြောင်းပြန်ဖြစ်တယ် ဒီလိုပဲ သုံးသပ်လို့ရမယ်ထင်တယ်”ဟု ပြောသည်။

လက်နက်ကိုင် ပဋိပက္ခကြောင့် နေအိမ်များ မီးလောင်နေစဉ်

အာဆီယံနှင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များကို သီးသန့်စီ ခန့်အပ်၍ မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ရှာဖွေလျက်ရှိနေသည်။

ထို့နောက် ပြည်တွင်း/ပြည်ပရှိ အတိုက်အခံ အင်အားစုများဖြင့်လည်းကောင်း၊ နစကဥက္ကဋ္ဌ အပါအဝင် နစက၏ လက်အောက်ခံ ကိုယ်စားလှယ်များဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးလျက်ရှိနေသည်။

သို့သော်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက် ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေပြီး လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

အလားတူ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပမည် ဟု နစကဥက္ကဋ္ဌက ပြောကြားထားသလို အတိုက်အခံ အင်အားစုများကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲ ကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။