CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ဒီမိုကရေစီစနစ်ဆိုသည်ကို နားထောင်ကောင်းအောင် စည်းရုံးရေးသဘောဆောင်ပြီး ပြောဆိုနေခြင်းထက် လက်တွေ့ ကျင့်သုံးလာရန်လည်းလိုကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်တာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်သွားတာ တွေ့ရပါတယ် ညှိညှိနှိုင်းနှိုင်းပေါ့။ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့်အညှောင့်က ၁၀ နှစ် ခံပြီးတဲ့နောက်မှာ လောလောဆယ် ပြန်ပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် ပြန်လည်ပျိုးထောင်မယ်လို့ အခုလက်ရှိ အကြီးအကဲတွေက ကြွေးကြော်ကြပါတယ်။ ဒါပေမယ့် တကယ့်  ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ပါတီစုံရဲ့ အနှစ်သာရ၊ နောက်ပြီးတော့ Civilian Supremacy လို့ ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ် ရှိရှိပေါ့လေ။ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ ကျနော်တို့ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက်ကို လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံ ဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်‌လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြား နိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံကာ သွားမည်ဟု လက်ရှိ နိုင်ငံအုပ်ချုပ်နေသည့် အကြီးအကဲများက ပြောဆိုထားသော်လည်း တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်လျှင် ထိုအစိုးရ သစ် နောက်နေ့ ပြုတ်ကျမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆွယ် စည်းရုံးစဉ်အတွင်း ပြောကြားသွားခဲ့သည်။

ထိုအပြောသည် ဒီမိုကရေစီ၏ မူရင်းသဘာဝကို ဆန့်ကျင်သည့်သဘော ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သည် ဝန်ကြီးချုပ် ဦးနု လက်ထက်ကတည်းက မှားခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း မူတူစေးဖိုးကို တွေ့ရစဉ်

၎င်းက “ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်း ကိုက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီ တစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲ ဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ ပေါင်းတဲ့ ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှု ဖြစ်လာတယ်။ အဲဒီကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်‌ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင် လာတဲ့ အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေး အာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။ အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက် သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက်ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီမရသေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့်တော့ ဘယ်လို ပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။ သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော် အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါကတော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ” ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် ပြည်သူလူထု အများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပပေးသွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း (၃) ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်း ပေးမည်ဖြစ်ပြီး တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်သွားတော့မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။