CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် စစ်ရေး-နိုင်ငံရေးအရွေ့ တစ်ခုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်သလဲဆိုသည်ကို နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်မှု များရှိနေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့သည်။
ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်များတွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။
အစိုးရသစ် ဖွဲ့စည်းပြီးနောက် အရပ်သားအစိုးရ ပေါ်ထွန်းလာသည့် အခါတွင် အစိုးရအနေဖြင့် ညှိနှိုင်းဆောင်ရွက်မှု အသွင်သဏ္ဍာန် ပြောင်းလဲရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် အပေါင်းလက္ခဏာဆောင်သည့် အရွေ့တစ်ခုကို သွားနိုင်မှာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ အချင်းချင်း တွေ့ဆုံကြစဉ်
အစိုးရသစ် အနေဖြင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ပုံဆောင်ပေးသင့်သလို အစိုးရအဖွဲ့ထဲမှာ အများလက်ခံသည့် တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း ထည့်သွင်းသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျှင် EAO များ၏ သဘောထားများကို ပြောင်းလဲလာအောင် လုပ်နိုင်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရပ်သားအစိုးရ ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မှု ပုံစံ အသွင်သဏ္ဍာန်က ပြောင်းလဲဖို့ လိုတယ်။ ဘာတွေကို အဓိက ပြောင်းလဲဖို့ လိုလဲဆိုရင် ဥပမာ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်တွေ ၂၆၁ လို အရာမျိုး တွေ ပြောင်းလဲဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးတာတွေ တတိယအကြိမ် လွှတ်တော်ကနေပြီးတော့မှ တိုင်းရင်းသားတွေ လိုအပ်တဲ့ ဖက်ဒရယ်နဲ့ ပိုပြီးတော့မှ လိုက်လျောညီထွေရှိတဲ့ ဥပဒေကို ပြင်ဆင်ပေးနိုင်တယ် ဆိုလို့ရှိရင်၊ ပြီးရင် အစိုးရဖွဲ့စည်းတဲ့ နေရာမှာလည်း အစိုးရအဖွဲ့ဝင်တွေထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို အများလက်ခံသလို ထည့်သွင်းပေးနိုင်တဲ့ အနေအထားတစ်ခု အမျိုးသား ညီညွတ်ရေးကို ရှေးရှုပြီးတော့ ဖော် ဆောင်မယ် ဆိုလို့ရှိရင်တော့ ဒီ EAO တွေရဲ့ စိတ်သဘောထားတွေဟာ ပြောင်းလဲလာနိုင်တယ်။ နိုင်ငံတကာရဲ့ ရှုမြင်မှုပုံစံမှာလည်း ပိုပြီးတော့ ကောင်းမွန်လာမယ်ပေါ့။ ဒီလိုဆိုရင်တော့ ကျနော်တို့က အပေါင်းလက္ခဏာ ဆောင် တဲ့ ဘက်ကို မျှော်လင့်လို့ ရနိုင်တယ်။ ဒီလိုမှ မဟုတ်ပဲနဲ့ ကျနော်တို့ ၂၆၁ လို ဥပဒေမျိုးကိုလည်း မပြင်နိုင်ဘူး။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကျောရိုးတွေပေါ့ဗျာ တိုင်းရင်းသားအားလုံးက လိုချင်နေတဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ မှ ဆောင်ရွက်ချက်တွေကို လွှတ်တော်ထဲမှာ မဖော်ဆောင်နိုင်ဘူး။ နောက်ပြီးတော့ အစိုးရဖွဲ့စည်းတဲ့နေရာမှာ ခုန က ပါဝင်သင့် ပါဝင်ထိုက်တဲ့ တခြားသော တိုင်းရင်းသား ခေါင်းဆောင်တွေပါ ထည့်သွင်း ပါဝင်ခွင့် မရှိဘူးဆိုရင် တော့ ဒီပဋိပက္ခက အခုလိုပဲ ရှည်ကြာနေပြီးတော့ ဖြစ်နေမယ်လို့ သုံးသပ်လို့ ရပါတယ်။ ဖက်ဒရယ်ကို ရှေးရှုပြီး တော့မှ အားလုံးက ဆွေးနွေးနိုင်တဲ့ ပုံစံတွေ၊ ဆွေးနွေးခွင့်နဲ့ ပါဝင်ခွင့်တွေဟာ ပိုမို ပီပြင်လာ မယ်ဆိုရင်တော့ ဒီလက်နက်ကိုင်ပဋိပက္ခက တဖြေးဖြေးနဲ့ လျော့ပါးသွားနိုင်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ဒီပဋိပက္ခတွေ က ဆက်ရှိနေမယ်။ ပေါ်ထွက်လာမယ့် အစိုးရအသစ်ကလည်း ၂၀၂၁ ပဋိပက္ခတွေရဲ့ နောက် ဆက်တွဲ ဆိုးကျိုး တွေကို ခါးစည်းခံရပြီးတော့ (Nation Building/ State Building) လုပ်တဲ့နေရာမှာ အဟန့် အတား ဖြစ်စေမယ်၊ နှောင့်နှေးစေလိမ့်မယ်လို့ ရှုမြင်ပါတယ်” ဟု ပြောသည်။
တက်လာမည့် အစိုးရသစ် တစ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အရေးကြီးသည့် ပုဒ်မများအား ညှိနှိုင်းပြင်ဆင်ခြင်း၊ NCA မထိုးထားသည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းဆွေးနွေးခြင်းများ လုပ်သင့်သည် ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
အစိုးရသစ်၏ ပထမဆုံး စိန်ခေါ်ချက်မှာ လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်သူများ၏ ဒုက္ခများကို မည်ကဲ့သို့ ဖြေရှင်း ရမလဲဆိုသည့် ကိစ္စရပ်ကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အားကောင်းခိုင်မာသည့် အစိုးရနှင့် ပျော့ပျောင်းညင်သာ စွာ လုပ်တတ်သည့် အစိုးရမျိုး ပေါ်ပေါက်လာရန် မျှော်လင့်ထားသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရတစ်ရပ် အနေနဲ့ကတော့ အခုပြောနေတဲ့ စုပေါင်းခေါင်းဆောင်မှုဆိုတဲ့ ဥစ္စာလေးတော့ ကောင်းပါ တယ်။ စုပေါင်း ခေါင်းဆောင်မှုအားနဲ့ သွားကြမယ်ဆိုတာ ယုံကြည်မှုတွေ ပိုတိုးလာမှာပေါ့နော်။ စုပေါင်း ခေါင်း ဆောင်မှုဆိုတဲ့ အစိုးရတစ်ရပ်မျိုး ပေါ်ပေါက်လာပြီဆိုရင် ဒါ (Strong Government) ဖြစ်လာနိုင်တယ်ပေါ့နော်။ ဒါမှမဟုတ်ပဲနဲ့ ခါတိုင်းလိုမျိုးပဲ NLD တုန်းကလည်း သူတို့ အပြတ်သတ်နိုင်တော့ သူတို့ဖွဲ့ခဲ့တယ်။ ဦးသိန်းစိန်က တော့ အစိုးရတစ်ရပ် ဖွဲ့တဲ့အခါမှာ ပြည်နယ်မှာ အနိုင်ရတဲ့သူကို အစိုးရအဖွဲ့ထဲထည့်၊ အနိုင်ရတဲ့ပါတီက ကိုယ်စား လှယ်တွေကို အစိုးရအဖွဲ့ထဲ ထည့်ပေးတယ်ပေါ့နော်။ အခုအဲဒီလို ပုံစံမျိုး ထည့်ပေးမလား။ ဒါမှမဟုတ်ပဲနဲ့ ပါတီ ဦးဆောင်သူတွေကို ထည့်ပေးမလားဆိုတာတော့ မပြောတတ်ဘူး။ စုပေါင်းခေါင်းဆောင်မှု အားကောင်းစေအောင် ဆိုရင်တော့ ပါတီထဲမှာ ဦးဆောင်တဲ့လူတွေ ထည့်ပေးမယ်ဆိုရင်တော့ ပိုပြီးမှ စုပေါင်းခေါင်းဆောင်မှု အားကတော့ ကောင်းလာမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က သန်မာရပါမယ်။ သန်မာပြီးရင်တော့ မူဝါဒပိုင်းဆိုင်ရာကို ကောင်း ကောင်း မွန်မွန်၊ ခိုင်ခိုင်မာမာ ကိုင်ထားပြီးရင်တော့ ဒါကစားကွက်တွေမှာတော့ နည်းဗျူဟာဘက် ပျော့ပျောင်း ညင်သာစွာ ကစားကြမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက်ကို ပိုပြီးမှ အားကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်လာ မှာပါ။ အစိုးရသစ်ရဲ့ ပထမဦးဆုံး စိန်ခေါ်ချက်က လက်နက်ကိုင်နဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ ဥစ္စာမျိုးကို ဆောင်ရွက်ရပါလိမ့်မယ်။ အခုတက်လာမယ့် အစိုးရကတော့ ကျနော်တို့ ဘာမျှော်လင့်ထားလဲ ဆိုတော့ အားကောင်းခိုင်မာတဲ့ အစိုးရနဲ့ ပျော့ပျောင်းညင်သာစွာ လုပ်တတ်တဲ့ အစိုးရမျိုး ကျနော်တို့က မျှော်လင့် တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဧပြီလမှာ ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်၌ စစ်ရေး-နိုင်ငံရေး အခင်းအကျင်း အသစ် များ ပေါ်ပေါက်လာနိုင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေထိန်းချုပ်ရေး စစ်ပွဲများလည်း ကျယ် ပြန့်လာနိုင်ကြောင်း၊ အစိုးရဘက်ကလည်း လက်လွတ်ထားရသော နယ်မြေများ ပြန်လည် ရရှိရေး ထိုးစစ်များ စတင်လာနိုင်ကြောင်း၊ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်ကြောင်း စစ်ရေး နှင့်နိုင်ငံရေးအကဲခတ်များက ယူဆထားကြသည်။
ထို့နောက် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းမှု ပြန်လည် အားကောင်းလာရေးနှင့် ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းကို ထိန်းချုပ်ရန် အစိုးရက ကြိုးပမ်းလာနိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလာနိုင်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ တည်ငြိမ်ရေး အစိုးရသစ်က ကြိုးပမ်းလာနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
