CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်လာခဲ့လျှင် နိုင်ငံရေးအရ ပြည်သူလူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေသည့် ဒီမို‌ ကရေစီ နိုင်ငံရေးနှင့် သွေဖယ်နေသော ဥပဒေများကို ပြင်ဆင်ရန်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့ နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်‌လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ ပုံစံ ကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်လာခဲ့လျှင် မလိုလားအပ်သည့် ထုတ်ပြန်ချက်များနှင့် ဥပဒေများကို ပြန်လည် ပြင်ဆင်သင့်ကြောင်းအဆိုကို ဒီမိုကရေစီနိုင်ငံရေးသမားများအားလုံးက တင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရန် ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက် က CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီ တောင်းဆိုနေကြစဉ် 

၎င်းက “ဒါရွေးကောက်ပွဲအပြီးမှာ လွှတ်တော် ပေါ်ပေါက်လာမယ်ပေါ့။ လွှတ်တော် ပေါ်ပေါက်လာခဲ့လို့ရှိရင် နိုင်ငံရေးအရ လွတ်လပ်မှုမရှိတဲ့ ဥပဒေတွေပေါ့၊ ပြင်ဖို့အတွက်လည်း ဒါတောင်းဆိုရမှာပေါ့။ ပါတီတွေကို ဒီလို ကန့်သတ်တာတွေ လွှတ်တော်ရဲ့ ဆန္ဒနဲ့အညီပေါ့။ အားလုံးကနေ တောင်းဆိုမယ်ဆိုရင်တော့ ဒါပြင်လို့ရနိုင်မယ့် အနေအထားတွေ ဖြစ်မှာပေါ့။ ဒီလက်ရှိ အစိုးရကနေပြီးတော့ပဲ အားလုံးကို ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ခေါ်ဆောင်တဲ့ သဘောကို တွေ့ရတဲ့အတွက် သူတို့ပုံဖော်ချင်တဲ့ လမ်းကြောင်းအတိုင်း ပုံဖော်တာကို တွေ့ရတာ ပေါ့။ နိုင်ငံရေးနဲ့ ပိုပြီးနိုင်ငံရေးဆန်တဲ့ စည်းရုံးဟောပြောမှု ပုံစံတွေ၊ ဥပဒေတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေရော ပြန်ပြင်ရဖို့ လိုမယ်။ ရွေးကောက်ပွဲ စနစ်တွေလည်း လိုအပ်ရင် ပြန်ပြင်ရဖို့လိုမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဆိုရင် ပြင်ဖို့အချက်တွေ အများကြီး ရှိပြီးသားကို နိုင်ငံရေးအရ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ ဒီမို‌ကရေစီ နိုင်ငံရေးနဲ့ နည်းနည်း သွေဖယ်နေတဲ့ ဥပဒေတွေဆိုရင် ပြန်ပြင်ဖို့လိုတာပေါ့။ ကြိုးနီစနစ် အကြွင်း အကျန် ဥပဒေတွေ၊ ကျနော်တို့ မလိုလားအပ်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ဥပဒေတွေကို ပြန်လည် ပြင်ဆင်သင့် ကြောင်း အဆိုကို ကျနော် အပါအဝင်၊ ဒီမိုကရေစီ နိုင်ငံရေးသမားတွေရော၊ တိုင်းရင်းသား နိုင်ငံရေးသမားတွေရော တင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ် စတင် ကျင့်သုံးပြီးနောက်ပိုင်းတွင် အချို့နိုင်ငံရေးကိစ္စများ၌ အစိုးရနှင့် တပ်မတော်ကြား သဘောထား မတိုက်ဆိုင်မှုများရှိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဒီမိုကရေစီကို ဆန့်ကျင်သည့် ဥပဒေက နိုင်ငံတိုင်းတွင်ရှိပြီး၊ နိုင်ငံတစ်ခုတွင် ဒီမိုကရေစီစံနှုန်းနှင့် ပြည့်စုံသည့် ဥပဒေများရှိရှိ ပြည်သူလူထုအတွက် အသုံးမချနိုင်ဘူးဆိုလျှင် အလကားပဲဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည် ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီ တောင်းဆိုနေကြစဉ် 

၎င်းက “ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ဥပဒေက နိုင်ငံတိုင်းမှာ ရှိတာနော်။ ဒီနိုင်ငံမှာလည်း ရှိတာပဲ။ ဒါပေမယ့် အသုံး ချတဲ့ သူတွေပေါ်မှာ အများကြီး မူတည်တယ်။ ဘယ်လောက်ပဲ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေတွေ ဖြစ်နေပါစေ ပေါ့နော်။ အဲ့ဒီထဲမှာ ထွက်ပေါက်ဆိုတာရှိတယ်။ အဲ့ဒီ ထွက်ပေါက်တွေကို ဥပဒေကို အသုံးချသူတွေက ပြည်သူ လူထု အကျိုးပြုဖို့ အတွက်ကို ရည်ရွယ်ပြီးတော့ အသုံးချနိုင်စွမ်းရှိရင် ရှိသလို အဲ့ဒီဥပဒေက ပြည်သူလူထုကို ဖိနှိမ့်တဲ့ဥပဒေ။ ဘယ်လောက်ပဲ ဒီမိုကရေစီဆန်တဲ့ဥပဒေ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား၊ ဥပဒေကို ကိုင်တွယ် အသုံးချ တဲ့သူတွေက ဒီမိုကရေစီ ယဥ်ကျေးမှုကို အားမပေးဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည် သဘောပေါက်မှု မရှိဘူးဆိုလို့ရှိရင် ဘယ်လောက်ပဲ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းနဲ့ ပြည့်စုံတဲ့ဥပဒေတွေရှိရှိ အဲ့ဒီဥပဒေတွေကို ပြည်သူလူထုအတွက် အသုံးမချနိုင်ဘူးဆိုရင် အလကားပဲ။ ဒီမိုကရေစီဆန်တဲ့ ဥပဒေမရှိတိုင်းလည်း နိုင်ငံအတွက် ကောင်းတယ်လို့ ပြောလို့မရသလို ဒီမိုကရေစီမဆန်တဲ့  ဥပဒေတွေရှိနေလို့ အဲ့ဒီနိုင်ငံအတွက် မကောင်းဘူးလို့ လည်း ၁၀၀ ရာခိုင်နှုန်း ပြောလို့မရဘူး။ ဥပမာ တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အသင်းအဖွဲ့တွေကို မှတ်ပုံတင် ခြင်းဆိုင်ရာဥပ‌ဒေ အဲ့ဒီဥပဒေက ဒီမိုကရေစီ စံနှုန်းနဲ့ဆန့်ကျင်တာ”ဟု ပြောသည်။

မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံကာ သွားမည်ဟု လက်ရှိ နိုင်ငံအုပ်ချုပ်နေသည့် အကြီးအကဲများက ပြောဆိုထားသော်လည်း တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းအပ် မလုပ်နိုင်လျှင် ထိုအစိုးရသစ် နောက်နေ့ပြုတ်ကျမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆွယ် စည်းရုံးစဉ်အတွင်း ပြောကြားသွားခဲ့သည်။