CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံရှိ လူမျိုးအားလုံးကို အာမခံကာ လွှမ်းခြုံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုက ဘယ်လို စနစ်မျိုး ဖြစ်သင့်လဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိကြသည်။
မြန်မာနိုင်ငံသည် လူမျိုးအခြေခံ နိုင်ငံမဟုတ်ဘဲ ပထဝီအခြေခံ နိုင်ငံဖြစ်ရန်လိုပြီး ပြည်နယ်များ၏ အမည်ကိုလည်း လူမျိုးအမည်မတပ်ဘဲ ပထဝီအခြေခံအမည်တပ်ရန် လိုကြောင်း မြန်မာ့တပ်မတော်ဘက်မှ ပြောခဲ့ဖူးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
သို့သော် တိုင်းရင်းသားအခွင့်အရေး တစ်ခုမှ မရရှိသည့်ကြားထဲ၌ တိုင်းရင်းသား အမည်ကို ထပ်ဖျောက်မည့်အပေါ် တိုင်းရင်းသားများမှ လက်မခံကြကြောင်း၊ တိုင်းရင်းသားများသည် အဖိနှိပ်ခံနေခြင်းမှ ၎င်းတို့လူမျိုး ပျောက်ပျက် သွားမည်ကို စိုးရိမ်နေကြခြင်းအပေါ် နိုင်ငံတော်ကို အုပ်ချုပ်သည့် ခေါင်းဆောင်များ အနေဖြင့်လည်း သတိထား ရမည်ဖြစ်ကြောင်း၊ လူမျိုးအခွင့်အရေး များပေးပြီးမှ တဆင့်ချင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုနေကြစဉ်
ဦးခွန်းဆိုင်က “အရင်တုန်းက ဗမာပြည်ခေါ်တာကို အခုမြန်မာပြည်ခေါ်မယ် မြန်မာဆိုတာအားလုံးကို လွှမ်းခြုံတဲ့ ဝေါဟာရဖြစ်တယ်။ ဒါကိုလည်း ကျနော်တို့ အများစု လက်မခံပါဘူးတဲ့။ အများစုလက်ခံ နိုင်မယ့် နာမည်မျိုးကို ကျနော်တို့ ဝိုင်းပြီး ရွေးရမှာပေါ့လို့ တခြားခေါင်းဆောင်တွေဘာတွေက ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံ ကို ကောင်းချင်တယ်ဆိုရင် တစ်ဖက်က လူမျိုးကို အရေးထားနေတဲ့ အခြေအနေမှာ ရုတ်တရက် ချက်ချင်း ကျနော် တို့က ပြောင်းချင်လို့မရဘူး။ ဒါတဆင့်ပြီး တဆင့် သွားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာက လူမျိုးက အဖိနှိပ်ခံနေရတာကို ကိုယ့်လူမျိုးပျောက်မှာ စိုးရိမ်နေကြတာ ဒါကိုလည်း ကျနော်တို့နိုင်ငံကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေက သတိထားရမှာဖြစ်တယ်။ ငါတို့လိုချင်တာကို ချက်ချင်း လုပ်လို့မရဘူး။ တဆင့်ပြီး တဆင့် လုပ်ရမယ်။ တဆင့်ပြီး တဆင့်လုပ်သွားမယ်။ လူမျိုးအခွင့်အရေးတွေ ပေးမယ်။ ပေးပြီးတော့ နောက်ပိုင်းမှာ လူမျိုး အခွင့်အရေးတွေ ရှိလာပြီဆိုရင် လူမျိုးဆိုတဲ့ကိစ္စက အရေးကြီးတဲ့ ကိစ္စဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ လူမျိုးတင်မကဘူး လူ့အခွင့်အရေးဆိုတာရှိလာမယ်။ လူ့အခွင့်အရေးကတောင် ပိုပြီးအဓိကဖြစ်လာလိမ့်မယ်။ လူ့အခွင့်အရေးအဓိက ဖြစ်လာတဲ့အချိန်မှာ လူမျိုးကိစ္စက တဖြေးဖြေး ပျောက်သွားမှာပေါ့။ ဒီလိုပဲ ကျနော် ယုံကြည်တယ်။ ကျနော်ယုံကြည်တာ မှားနိုင်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
အနာဂတ်မှာ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်မည်ဟု နစကနှင့် NUG တို့က အသီးသီး ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများကို စည်းရုံးလျက်ရှိကြသော်လည်း မည်သည့် ပြည်ထောင်စုမျိုး တည်ဆောက်မည်ကိုတော့ တိတိကျကျ ပြောကြားခြင်း မတွေ့ရပေ။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၆) နှစ် မြောက် ကော်သူးလေးနေ့ မိန့်ခွန်းတွင် လူမျိုးများနှင့် ပြည်သူအားလုံး ငြိမ်းချမ်းကောင်းမွန်စွာဖြင့် နေထိုင်ခြင်းကို အာမခံသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အတူတကွ ကြိုးပမ်းသွားရမည်ဟု ပြောကြားခဲ့ သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ EAOs ခေါင်းဆောင်များကိုတွေ့ရစဉ်
ယခင် အငြိမ်းစားသမ္မတကြီး ဦးသိန်းစိန် လက်ထက်ကတည်းက လူမျိုးစုများဖြင့် အကြိမ်ကြိမ် ဆွေးနွေးပွဲများ လုပ်ခဲ့ပြီး သဘောတူညီမှု ရထားသည့် အရာများရှိကြောင်း၊ ထိုမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခြင်း ဟု နားလည်သဘောပေါက်ကြောင်းနှင့် မည်သည့်ကိစ္စမဆို စားပွဲဝိုင်းပေါ် ထိုင်ပြီး ညှိနှိုင်းမည်ဆိုပါက မရနိုင်စရာ အကြောင်းမရှိဘူးဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာပဲဖြစ်ဖြစ် ဒါတွေက စားပွဲဝိုင်းထိုင်ပြီးတော့ ညှိနှိုင်းလို့ရှိရင် မရနိုင်စရာအကြောင်း မရှိဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အန်တီတို့က စားပွဲဝိုင်းတွေမှာ ဒီကိစ္စတွေကို ညှိနှိုင်းရေးတွေဖြစ်ဖို့ အင်မတန် အရေးကြီးတယ်။ ဒါကြောင့် မို့လို့ စားပွဲဝိုင်းတွေကိုလာပါ။ ဆွေးနွေးတာတွေကို လုပ်သင့်တယ်ပေါ့။ တစ်ဖက်ကလည်း တင်းမာမှု တွေကို လျှော့ချသင့်တယ်ပေါ့။ လက်နက်ကိုင် တိုက်ပွဲတွေဟာ ဒီနိုင်ငံအတွက် အဖြေမဟုတ်ဘူး။ ဒီနိုင်ငံရဲ့ အဖြေ ဟာ စားပွဲဝိုင်းတွေမှာ ဆွေးနွေးပြီးတော့ နိုင်ငံတော်အသစ် တည်ဆောက်ဖို့ ဖြစ်တယ်ပေါ့။ ဒါကြောင့် အန်တီက တော့ လက်နက်ကိုင် အင်အားစုတွေ အားလုံးကို ကိုယ့်ရဲ့နိုင်ငံရေး ရည်မှန်းချက် အသီးသီးအတွက်ကို လက်နက် တွေ မစွန့်နိုင်ရင်တောင်မှ နိုင်ငံရေးစားပွဲဝိုင်းတွေကို ကိုယ်ကိုယ်တိုင် တိုက်ရိုက် မပါနိုင်ရင်တောင် သွယ်ဝိုက် အဖွဲ့ ငယ်လေးတွေ ဖွဲ့ဖွဲ့ပြီးတော့ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိသည့်အတွက် ဖက်ဒရယ်နှင့် သွားရမှာဖြစ်ပြီး ဖက်ဒရယ် နောက်မှသာ ဒီမိုကရေစီရှိသင့်ကြောင်း၊ ဒီမိုကရေစီ ဘယ်လောက်ပေးပေး၊ ဖက်ဒရယ်မပေးပါက လက်ရှိ နိုင်ငံရေး အခင်းအကျင်းက မလွတ်မြောက်နိုင်ကြောင်း ထောက်ပြမှုများရှိသည်။
သို့သော် ဒီမိုကရေစီကို အရင်ရအောင် ကြိုးပမ်းပြီးမှ တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ် အခွင့်အရေး အား ရယူရန်လုပ်ဆောင်သင့်ကြောင်းလည်း ထောက်ပြမှုများရှိသည်။
တခြားတစ်ဖက်မှာတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကြား ရှုပ်ထွေးမှုများကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ သော သမိုင်းများရှိသလို လက်ရှိ အမေရိကန်နိုင်ငံမှာလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်ကြား ရှုပ်ထွေးလာခြင်း ကြောင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားနေသည်ဟု ထောက်ပြကြသည်။