CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀

လက်ရှိ မြန်မာနိုင်ငံ၏ ယာယီသမ္မတဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်လာသည့်အခါတွင် သမ္မတရာထူးအတွက် ဘယ်လိုအမည်စာရင်း တင်သွင်းလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအရ သမ္မတနေရာအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်တို့မှ လူပုဂ္ဂိုလ် ၃ ဦးအား အမည်စာရင်း တင်သွင်းရခြင်းဖြစ်သည်။

ထို ၃ ဦးကို လွှတ်တော်မှ အဆုံးအဖြတ် ပေးရခြင်းဖြစ်ကာ ယခင် ရွေးကောက်ပွဲ အခင်းအကျင်းများအရ ပြည်သူ့လွှတ်တော်မှ အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်သည် သမ္မတ အဖြစ်များကြောင်း NCA ထိုးထားသည့် ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့ကြောင့် ပြည်သူ့လွှတ်တော်မှ အမတ်အများစုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတ ရာထူးအတွက် အတည်ပြု စာရင်းတင်လိမ့်မည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “အမျိုးသားလွှတ်တော်က တင်တာက ဒုသမ္မတ တိုင်းရင်းသားသမ္မတ ဖြစ်တာ များတယ်။ တပ်မတော်က တင်တဲ့လူက ဒုတိယသမ္မတ ဖြစ်တာများတယ်။ ဗမာပြည်ရဲ့ တန်းစီဇယား ကိုကြည့်ရင် အဲဒီလိုဖြစ်တယ်။ ဒါကြောင့် နာမည်စာရင်း ၃ ယောက် ၃ ဌာနက တင်တယ်ဆိုပေမယ့် အဆုံးအဖြတ်လုပ်ရင် ပြည်သူ့လွှတ်တော်က နာမည်စာရင်းပေးတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ သမ္မတကြီး ဖြစ်ဖို့များတယ်။ တပ်က နာမည် စာရင်းတင်ရင်ကြ ဒုသမ္မတ (၁) ပေါ့။ အမျိုးသားလွှတ်တော်က တင်ရင် တော့ တိုင်းရင်းသားခေါင်းဆောင်တွေ ဥပမာ စိုင်းမောက်ခမ်းတို့၊ ဟင်နရီဗန်ထီးယူတို့ အဲဒီလိုတွေ ဖြစ် တယ်။ ဒါကတော့ အမျိုးသားလွှတ်တော်။ အဲဒီအစဉ်အလာရှိတော့ လွှတ်တော်ပေါ်လို့ အမည်စာရင်း တင်သွင်းရင် ဘယ်နေရာက ဘယ်သူ့ကို တင်တယ်ဆိုတာ ကြည့်ရမှာဖြစ်တယ်။ တပ်မတော်က တင်တဲ့ ဟာကတော့ ဒုတိယသမ္မတပဲ ဒါကအစဉ်အလာက အဲဒီလိုဖြစ်နေတာ။ ဒါကြောင့် တပ်မတော်က ဘယ်သူ့ကို တင်မလဲ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်မလား‌တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဒါပေမယ့် တင်ရင်လည်း ဒုသမ္မတပဲ။ အဲဒါကတော့ မူလ သူ့ရဲ့ process က အဲဒီလိုသွားတာ။ ကျနော် ထင်တာတော့ ပြည်သူ့လွှတ်တော်က တင်လိမ့်မယ်လို့ ထင်တယ်။ ပြည်သူ့လွှတ်တော် အမတ်အများစုက ၂၅ ရာခိုင်နှုန်းက တပ်မတော်သားကိုယ်စားလှယ် ရှိပြီးသား၊ နောက်ထပ် ပြည်သူ့လွှတ်တော်မှာ မဲများတဲ့ပါတီက ပြည်သူ့လွှတ်တော် လူဦးရေနဲ့ ပေါင်းပြီးတော့ တင်ရင် အများစုနဲ့တင်ရင် တင်တဲ့ ပုဂ္ဂိုလ်က အလားအလာရှိတယ် သမ္မတ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ နေပြည်တော်တွင် ဆန္ဒမဲလာပေးစဉ် သတင်းဌာနများက ရွေးကောက်ပွဲအပြီး သမ္မတ လုပ်၊ မလုပ် မေးမြန်းခဲ့ကြသည်။

ထိုမေးမြန်းမှုအပေါ် မိမိသည် ကာကွယ်ရေးဦးစီးချုပ် နိုင်ငံ့ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး နိုင်ငံရေး ပါတီ ခေါင်းဆောင် မဟုတ်သည့်အတွက် သမ္မတ လုပ်ချင်ပါသည်ဟု သွားပြော၍ မရကြောင်း၊ လွှတ်တော် ခေါ်သည့်အခါမှသာ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်မှသာ ပြောဖို့ သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

သမ္မတဖြစ်ရေးသည် ၎င်း၏ ပုဂ္ဂိုလ်ရေး ရည်မှန်းချက် ဖြစ်သောကြောင့် မဖြစ်မနေ လုပ်ဆောင်လာနိုင်ပြီး မည်သည့်ပုံစံဖြင့် ကြိုးစားလုပ်ဆောင်လာမည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်ခုကတော့ သူ့အနေနဲ့ သိပ်မသေချာသေးလို့ မပြောသေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါသမ္မတလုပ်မှာပဲ အဲဒီကြမှ ကောက်ပြောမယ်ဆိုပြီးတော့ အဲဒီလိုစိတ်နဲ့ ပြောတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီလူက သူ့စကားတွေက သိပ်ဟိုဒင်းပြုရတာမှ မဟုတ်ဘဲ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူတွေ စိတ်ကြိုက်ရွေးတဲ့လူကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောခဲ့ဖူးသေးတာပဲ။ ပြီးတော့ အာဏာသိမ်းတာပဲ။ အခုဒီမှာလည်း ပြီးမှကြည့်ပါမယ် ဆိုပေမယ့် သူကောက်လုပ်ချင်လည်း လုပ်မှာပဲ။ သူ့စကားလည်း သိပ်ယုံလို့မရဘူး။ နောက်တစ်ခု ကလည်း သူသမ္မတဖြစ်ရေးက သူ့ရဲ့ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ပဲ ဖြစ်တာကို။ အဲဒီတော့ ဒါကတော့ သူမဖြစ်မနေ လုပ်မှာပဲ။ ဘယ်လို နည်းနာနဲ့ လုပ်မလဲ၊ အားလုံး အမြင်ကောင်းအောင် သူဘယ်လို ကြိုးစားမလဲဆိုတာတော့ စောင့်ကြည့်ရ လိမ့်မယ်ထင်တယ်” ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြိုတင်မဲအားသာမှု ဖြင့် အများဆုံး အနိုင်ရရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲ အပိုင်းအားလုံး မပြီးစီးသေးသော်လည်း ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက် လာမည့် အစိုးရသစ်၏ မူဝါဒများသည် အပြောင်းအလဲ မဖြစ်နိုင်ဘဲ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သွားနေသည့် လမ်းကြောင်းအတိုင်းပဲ ဖြစ်နိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ က ထောက်ပြကြသည်။