CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
တရုတ်နှင့်အိန္ဒိယသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအကြို နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေများကို တာဝန်ယူ အာမခံပေးထားပုံရှိသည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ထို့နောက် သမ္မတရှီကျင့်ဖျင်နှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး၊ ရွေးကောက်ပွဲကိစ္စ၊ လုံခြုံရေးကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ စသည့်အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့်သာမက အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်ပါ တွေ့ဆုံခဲ့မှုက မြန်မာ့နိုင်ငံရေးကို နိုင်ငံကြီးနှစ်ခုက လက်ခံပေးသည့် အပြုအမူမျိုး ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို ရောက်လာစဉ်
၎င်းက “ရွေးကောက်ပွဲ အကြိုကာလရော၊ ရွေးကောက်ပွဲ အလွန်ကာလရော ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တိုင်းပြည်ကြီး နှစ်ခုပေါ့။ အိန္ဒိယရော၊ တရုတ်ရော ကြိုတင်ပြီးတော့တောင်မှ လက်ခံထားပေးတဲ့ အပြုအမူမျိုး ဖြစ်နေတာပေါ့။ အဲဒီလိုမျိုး နိုင်ငံရေးအရပေါ့လေ။ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်တော့ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ အခြေအနေဖြစ်စေ၊ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အခင်းအကျင်းဖြစ်စေ၊ အားလုံးကို ဒီနိုင်ငံကြီး နှစ်နိုင်ငံက တာဝန်ယူထားပေးတဲ့ အာမခံထားပေးတဲ့ ပုံသဏ္ဍာန်ရောက်တယ်လို့တော့ ပြောကြတာ ပေါ့” ဟု ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နှင့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် တရုတ် ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိတ်ကြားခဲ့သည်။
ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ရောက်ရှိခဲ့သည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နောင်အနာဂတ် လုပ်ငန်းစဉ်များအတွက် အများကြီး မျှော်လင့်ချက်ပေး၍ရ ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်ထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
တီယန်ကျင်းဆိပ်ကမ်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေ့လာနေစဉ်
၎င်းက “အဲဒါကတော့ ကျနော်တို့ ဟိုးတုန်းကတည်းက ဆွေးနွေးပြောထားပြီးသားပါ။ တရုတ်နဲ့ မြန်မာကြားမှာ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုအပ်တယ်။ ရှိလည်း ရှိခဲ့ပြီးသားပဲ။ ဒါပေမယ့် ရှိခဲ့ပြီးသားဟာက အခြေ အနေ၊ အကြောင်းအရာ တစ်ခုခုကြောင့် ဝေးကွာသွားတယ်လို့ ထင်ရတာပေါ့လေ။ ဒါပေမယ့် တကယ်တမ်းက မြန်မာနဲ့တရုတ်ရဲ့ လက်ရှိ ပထဝီနိုင်ငံရေးအရ ဘယ်လိုမှ ဒါတွေကို လျစ်လျူရှုပစ်လိုက်လို့ရတဲ့ အနေအထား မရှိ ဘူး။ ဒါမျိုးတွေနဲ့ပဲ သွားရမှာဖြစ်တဲ့ အတွက်ကြောင့် တရုတ်ကိုသွားတွေ့တဲ့ ခရီးစဉ်ပေါ့။ အဲဒီခရီးစဉ်ကနေ အများ ကြီး နိုင်ငံရဲ့ နောင်အနာဂတ် လုပ်ငန်းစဉ်တွေအတွက် အများကြီး မျှော်လင့်ချက် ပေးလို့ရပါတယ်။ အဓိက,က ကျနော်တို့ အစကတည်းက ပြောထားပြီးသားပဲ” ဟု ပြောသည်။
ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ယခင် နစက လက်ထက် ၂၀၂၄ ခုနှစ်ကလည်း မော်စကိုမြို့တွင် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ဖူးသကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးတွင်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့ဖူးကြသည်။
သို့သော် ယခုအကြိမ်သည် သီးသန့်တွေ့ဆုံမှု ပုံစံဖြစ်နေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာ နိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေး ငလျင် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး(SCO) အဖွဲ့ဝင် နိုင်ငံဖြစ်ရေး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း မြေရှားသတ္တုတူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍများမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။