CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဒီမိုကရေစီအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သိပ်မလိုချင်ကြတော့ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်) အဆင့်များ ရရှိရေးနှင့် မြန်မာပြည်ပြိုကွဲပါက နိုင်ငံထူထောင်နိုင်ရေး အဆင်သင့် ပြင်ထား ရန် ထုတ်ဖော်ပြောကြားမှုများ ရှိနေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဒီမိုကရေစီအား သိပ်မလိုချင်တော့ခြင်းကြောင့် လက်ရှိ မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းအရ ဖက်ဒရယ်အား အမြန်ဆုံး အကောင်အထည် ဖော်ပေးသင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ဒီမိုကရေစီကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သိပ်မလိုချင်တော့ဘူး၊ တစ်ပါတီနဲ့ သွားရင်သွားမယ့် သဘောတောင် “ဝ”တို့ဆို တစ်ပါတီနဲ့ သွားတာပဲဗျ၊ AA တို့တောင်မှ တစ်ပြည်ထောင်နဲ့ သွားမယ်ဆိုတာမျိုး တိုးလာပြီလေ၊ အဲတော့ လက်တွေ့အားဖြင့် ဖက်ဒရယ်ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ကို တိုင်းရင်းသားတွေ မရရအောင် ယူမယ်ဆိုတဲ့သဘောပဲ၊ လက်နက်ကိုင်တဲ့ ရည်မှန်းချက် အားလုံး ရဲ့ ပန်းတိုင်သည်လည်း ဒါပဲ၊ ဒီမိုကရေစီ နောက်မှထားပေါ့၊ “ဝ”မှာ ဒီမိုကရေစီ ဘယ်ရှိမလဲ၊ တစ်ပါတီ ဦးဆောင်တဲ့ စနစ်ပဲလေဗျာ၊ အဲတော့ ပါတီတွင်း ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီပေါ့ဗျာ ဒီလိုပဲသွားမှာ၊ အဲတော့ ခင်ဗျားတို့ ကျနော်တို့ ဒီမိုကရေစီကို ခဏထားလို့ မပြောရင်တောင်မှ ဖက်ဒရယ်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေး သင့်တာပေါ့ မြန်မာ့နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို နားလည်ရင် ပြောတာပါ” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီစနစ်နှင့်ဖက်ဒရယ် အုပ်ချုပ်ရေး ဆောင်ရွက်ရာ တွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်အား ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ၎င်းစနစ်သည်သာလျှင် အသင့်တော် ဆုံးဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ပြောကြားထားသည်။
တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များအား တောင်းဆိုရုံဖြင့်သာ မလုံလောက်ဘဲ ပြည်သူများအား ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
KNU ဥက္ကဋ္ဌဟောင်းနဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
၎င်းက “သူများအုပ်ချုပ်တဲ့အခါ ကိုယ်ကတော်လှန်ပြီးတော့ ကိုယ့်အလှည့်ကျမှ အာဏာရှင်လုပ်မယ် ဆိုတဲ့ဟာမျိုး ကလည်း ကျနော်တို့ကတော့ လက်ခံလို့မရဘူး၊ တိုင်းရင်းသားတွေကနေပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် Self – Determination ကိုတောင်းကြတယ်လေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဒီဟာကိုတောင်းကြတယ်၊ အဲလို တောင်းရုံ လောက်နဲ့ မလုံလောက်ဘူးဗျ၊ ရလာတဲ့ဟာလည်း ကိုယ့်ပြည်သူကို ဒီမိုကရေစီနည်းကျ သူတို့ရဲ့ ပြည်သူတွေရဲ့ အမှုတော်ကို ထမ်းဖို့အတွက် လူတွေကို ရွေးချယ်ပိုင်ခွင့် ပေးရမယ်လို့ ကျနော်ကတော့ နားလည်တယ်၊ အဲဒါ ကြောင့် သေချာပေါက် ဒီမိုကရေစီစနစ်ကိုတော့ သူတို့ ကျင့်သုံးပေးရလိမ့်မယ်လို့ မြင်ပါတယ်၊ အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ အာဏာရှင်ဖြစ်သွားတဲ့သူက ထပ်ပြီးတော့ တော်လှန်ကြရမှာပေါ့ဗျာ၊ ဒါကတော့ စနစ်ကို ကျင့်သုံး တဲ့လူနဲ့ အဲဒီဟာကို သဘောမကျတဲ့သူ တော်လှန်ရေးဆိုတာ အဲဒီလို ဟာမျိုးကြောင့် ပေါ်လာတာလေ၊ အဲတာမျိုး လည်း ဖြစ်လေ့ဖြစ်ထရှိတယ်လေ၊ အကျိုးလိုတဲ့ လူတွေကလည်း အာဏာရှင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့ ကိုယ်ကျိုး ရှိမယ်ဆိုရင် သူ့ဘာသူ အာဏာရှင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လက်ခံတယ်ဆိုတဲ့ ဟာမျိုးပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသလို TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောထားသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားများသည် ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။
“ဝ”နှင့် မိုင်းလားအဖွဲ့များကလည်း သီးခြား အုပ်ချုပ်ရေးစနစ်ကို ထူထောင်ထားပြီး လွတ်လပ်စွာ ရပ်တည်နေခြင်း ကြောင့် တခြားသော အင်အားစုများ ကြိုးပမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်၏ ပြင်ပကို ရောက်ရှိနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။