CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
NLD အစိုးရဖြုတ်ချခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ရည်မှန်းချက်များ မတူညီကြတော့ဘူးဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်မှုများ ရှိနေကြသည်။
EAO များ၏ နဂိုရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တူညီပြီး ပြည်နယ်များမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရရေးမှာလည်း တူညီကြကြောင်း၊ သို့သော် စစ်ရေးအရ အသာစီး ရလာသည့် အဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်ပြည်ထောင်စုထက် အဆင့်မြင့်သည့် ရည်မှန်းချက်များရှိလာ ကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNIသတင်းဌာနသို့ ပြောသည်။
အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အခုလုပ်ရင်းကိုင်ရင်းနဲ့ တချို့ စစ်ရေးအရ အပေါ်စီးရလာတဲ့ အဖွဲ့အစည်းတွေကြတော့ ရိုးရိုးသာမန် ဖက်ဒရယ်ပြည်ထောင်စုထက်ကိုမြင့်တဲ့ confederation(ကွန်ဖက်ဒရေးရှင်း)တို့ ဘာတို့ကို နိုင်ငံရေး အရ ဈေးမြှင့်ပြီးတော့ ခေါ်တာတွေ ရှိလာတာပေါ့။ ဒါပေမယ့် ရေရှည်မှာကြတော့ ဈေးမြှင့်ခေါ်ပေမယ့် သာမန် ဖက်ဒရယ်ပုံစံဘောင်ထဲမှာပဲ ပြန်ရောက်မယ်လို့ ယူဆတယ်။ ခေါ်ဈေးက တစ်မျိုး၊ ရောင်းဈေးကတစ်မျိုး ဖြစ်နိုင် တာပေါ့။ ဒါကြောင့် အခုက ဖက်ဒရယ်ပုံမှန် အနေအထားကို တစ်ဖက်က လက်မခံတဲ့အခါကြတော့ ဈေးမြှင့်သွား တယ်လို့ ယူဆပါတယ်။ ဖက်ဒရယ်ပုံမှန်အနေအထား အာမခံချက်ရှိရင် အတုအယောင် မဟုတ်ဘဲနဲ့ ဦးနေဝင်း၊ ဦးနု ခေတ်မှာ အတုအယောင်လုပ်ခဲ့တယ်။ အကုန်လုံးက ဖက်ဒရယ်ပြည်ထောင်စု အတုအယောင်တွေ လုပ်လာကြပြီး တော့ အခုလည်းပဲ ပြည်ထောင်စုအတုအယောင်နဲ့ပဲ ပွဲပြီးမယ်ဆိုရင်တော့ မဖြစ်ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်တည်ရေးအတွက် တိုက်ပွဲဝင်ကြတာကို။ ဝင်တဲ့အချိန်မှာ တစ်ဖက်က စစ်မှန်တဲ့ ပြည်ထောင်စု ရဖို့အတွက် confederation တို့ ဘာတို့ တောင်းလာတယ်လို့ ယူဆပါတယ်။ အဲဒါက တစ်ထစ်လျှော့ရင်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပြန်ဖြစ်မှာပေါ့” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် NUG နှင့် မပူးပေါင်းကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားသော်လည်း တအာင်းတပ်ဖွဲ့(TNLA)မှ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် တရုတ်နှင့် တွေ့သည့်အခါတွင်လည်း တစ်ဖွဲ့ချင်း တွေ့ဆုံကြသကဲ့သို့ နစကနှင့်လည်း တစ်ဖွဲ့ချင်းစီသာ တွေ့ဆုံကြမည့် အနေအထားရှိသည်။
ယခင်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)နှင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည်လည်း အားလုံးစုံညီပါမှ တွေ့ဆုံဆွေးနွေးလေ့ရှိရာမှာ ယခုအခါမှာတော့ တစ်ဖွဲ့ချင်းစီသာ တွေ့ဆုံမှု များ လုပ်လာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နေရာဒေသ မတူညီကြသည့်အတွက် ရည်မှန်းချက်များ ကွဲပြားလာကြခြင်း ဖြစ်နိုင်သော်လည်း အာဏာရှင်စနစ် ပြုတ်ကျရေးမှာ တူညီကြောင်း သုံးသပ်မှုများလည်း ရှိသည်။
ထိုအာဏာရှင်စနစ် ပြုတ်ကျရေးသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များမှာ ၎င်းတို့ ရပိုင်ခွင့်များအတွက် မူလတော်လှန်ရေး ရှိထားပြီးသားဖြစ်ကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးမျိုးကျော်က “စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုတဲ့ဟာက ၂၀၂၁ နွေဦးနောက်ပိုင်းမှာမှ အဲဒီကိစ္စကို အာဂျင်ဒါ အနေနဲ့ တင်တာ။ မူလတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးဆိုတဲ့ဟာက သူတို့ရဲ့ တိုင်းရင်းသားတွေရဲ့ ပြည်သူတွေ ရဲ့ မူလရပိုင်ခွင့် သူတို့ရဲ့အချုပ်အခြာအာဏာ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့၊ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ဖို့၊ သူတို့ တောင်းဆိုတဲ့ အနေနဲ့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီ ၂ ခုဟာ မတူပါဘူး။ အခုအချိန်မှာလည်း တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ တချို့ပေါ့ မိမိဒေသကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်မှုတွေ ရှိလာတဲ့အခါမှာ ပြည်မ အတွက် သူတို့တိုက်ပေးမလား၊ မတိုက်ပေးဘူးလားဆိုတာ ပြောလာကြတယ်။ တချို့ကလည်း ကိုယ်တိုက်လို့ရ တာ ကိုယ်အကုန်လုံးယူမယ် သိမ်းမယ်ဆိုတဲ့ဟာမျိုး မြင်လာရတယ်” ဟု ပြောသည်။
လက်ရှိမှာတော့ နစကသည် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များထဲမှ တရုတ်အကူအညီဖြင့် ကိုးကန့်တစ်ဖွဲ့နှင့်သာ တွေ့ဆုံရသေးပြီး ယာယီအပစ်ရပ်စဲထားခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်ကိုတွေ့ရစဉ်
ထိုတွေ့ဆုံမှုတွင် အပေးအယူ မည်မျှရှိခဲ့ကြသည်ကို မသိရကာ တအာင်းနှင့်လည်း မကြာခင်ကာလတွင် တွေ့ဆုံ ဆွေးနွေး နိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
AA သည် အနိမ့်ဆုံးအဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံးအနေဖြင့် ရခိုင်နိုင်ငံတော်ထူထောင် ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသည်။ အလားတူ TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောထားသည်။
အလားတူ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ သည် ဖက်ဒရယ်ထက် ကျော်လွန်သော စဉ်းစားချက်များကို ချပြလာကြလိမ့်မည်ဟု ပြောကြားထားသည်။