CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၉

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အရှုံးမပေါ်နိုင် သည့် ရွှေများကို ပိုမိုဝယ်ယူလာခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ရွှေစျေးသည် တစ်အောင်စလျှင် ဒေါ်လာ ၄၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိ ရွှေစျေးသည် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရွှေတစ်အောင်စလျှင် ၄၀၃၉ ဒေါ်လာရှိခဲ့ကာ ဒီဇင်ဘာလအတွက် ကြိုတင် အရောင်းအဝယ် စျေးနှုန်းသည် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရွှေတစ်အောင် စလျှင် ၄၀၆၁ ဒေါ်လာ ရှိခဲ့သည်။

ရွှေစျေးနှင့်အတူ ငွေစျေးသည်လည်း မြင့်တက်ခဲ့ပြီး ငွေစျေးသည် ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ငွေတစ်အောင်စ လျှင် ၄၈ ဒသမ ၇၆ ဒေါ်လာ ရှိခဲ့သည်။ 

သို့သော် ငွေစျေးသည် စံချိန်တင် စျေးနှုန်းဖြစ်သည့် တစ်အောင်စလျှင် ၄၉ ဒသမ ၅၁ ဒေါ်လာအထိ ရောက်ရှိခဲ့ခြင်း မရှိသေးပေ။

ရွှေသည် စျေးကွက်များ မတည်ငြိမ်သည့် အချိန်တွင် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှု တစ်ခုအဖြစ် ယခင်ကတည်းက ရှုမြင်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်က ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယခုနှစ်အတွင်း ၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဒေါ်လာနဲ့ရွှေတုံးကိုတွေ့ရစဉ်

ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း စတော့ရှယ်ယာများ၊ bitcoin ၊ ရေနံနှင့် ဒေါ်လာများ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ အားကောင်းမှု မရှိခဲ့ချိန်တွင် ရွှေသည် အခိုင်မာဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆက်လက် တည်ရှိခဲ့သည်။

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများ လျှော့ချမှု၊ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှု၊ ဗဟိုဘဏ်များ၏ ရွှေဝယ် ယူမှု၊ ဒေါ်လာငွေကြေး အားနည်းမှုတို့ အပါအဝင် အကြောင်းကိစ္စ အများအပြားကြောင့် ရွှေစျေးများ မြင့်တက်ခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။

“နောာက်ခံ အကြောင်းရင်းတွေကတော့ အရင်ကနဲ့ သိပ်မထူးခြားပါဘူး။ ပထဝီနိုင်ငံရေး မသေချာမှုတွေနဲ့ အစိုးရ ယန္တရား ရပ်ဆိုင်းမှုတွေကြောင့် ဖြစ်ပါတယ်”ဟု StoneX ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၏ ကျွမ်းကျင်သူ ရိုနာ အို ကွန်နဲလ် (Rhona O'Connell) က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းနေသည်မှာ ၈ ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး စီးပွားရေး အချက် အလက်များ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိသလို ရင်းနှီးမြှုပ်နှံသူများသည် အတိုးနှုန်းများနှင့် ပတ်သက်ပြီး အစိုးရမဟုတ် သည့် သတင်းရင်းမြစ်များကို နားစွင့်နေရသည်။ 

ယူကရိန်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကလည်း ရွှေချောင်းများ ဝယ်လိုအားကို မြင့်တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ