CNI International News

တိုင်ပေ၊ အောက်တိုဘာ ၈

ထိုင်ဝမ်အစိုးရသည် ပြည်ပ ပရော်ဖက်ရှင်နယ် အလုပ်အကိုင် ငှားရမ်းမှုအက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုအား ခွင့်ပြုခဲ့ပြီး ပြည်ပလုပ်သားအင်အားစုကို မြှင့်တင်ရန် စီစဉ်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုဥပဒေသစ်အရ ကမ္ဘာ့ထိပ်သီး တက္ကသိုလ်စာရင်းတွင် အဆင့် ၁ မှ ၁၅၀၀ ကြား ပါဝင်သည့် တက္ကသိုလ်များမှ ဘွဲ့ရရှိသူများသည် ထိုင်ဝမ်တွင် လုပ်သက်အတွေ့အကြုံ ၂ နှစ်မလိုဘဲ ချက်ချင်း အလုပ်လျှောက်နိုင်မည်ဖြစ်သည်။

ကမ္ဘာ့အဆင့် ၁ မှ အဆင့် ၂၀၀ ကြားရှိ တက္ကသိုလ်တစ်ခုခုမှ ပြီးခဲ့သည့် ၅ နှစ်အတွင်း တက္ကသိုလ် ပထမဘွဲ့ သို့မဟုတ် မဟာဘွဲ့ ရရှိသူများသည် ကျွမ်းကျင်ဝန်ထမ်း နေရာများကို လုပ်သက် အတွေ့အကြုံမလိုဘဲ တိုက်ရိုက် လျှောက်ထားနိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလကလည်း ထိုင်ဝမ်သည် ရွှေ့ပြောင်း လုပ်သားများအတွက် ရေရည်  ထားရှိရေး အစီအစဉ် တစ်ခုကို မိတ်ဆက်ခဲ့သည်။

ထိုင်ဝမ်က အလုပ်အကိုင်ရှာဖွေရေးတစ်ခုကိုတွေ့ရစဉ်

ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ အသားထုတ်ပိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သူနာပြု လုပ်ငန်းများကဲ့သို့ နယ်ပယ်များတွင် လုပ်သက် အတွေ့အကြုံ ၆ နှစ် ဆက်တိုက်ရှိပြီး လုပ်ငန်းကျွမ်းကျင်အဆင့် အသင့်အတင့် ရှိသူများသည် ထိုင်ဝမ်တွင် အမြဲတမ်းနေထိုင်ခွင့်အတွက် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။

ထိုအစီအစဉ်မှ တဆင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လုပ်သား ၂၅,၀၀၀ ကျော်သည် အတည်ပြု ပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်သည် လုပ်သားအင်အား ပြတ်လပ်မှုကို ဖြေရှင်းရန် အခန်းသန့်ရှင်းရေးကဲ့သို့ ဝန်ဆောင်မှုကဏ္ဍ များတွင် ပြည်ပလုပ်သားများကို နေရာပိုပေးရန်လည်း စီစဉ်နေသည်။

စည်းကမ်းသစ်များအရ ထိုင်ဝမ်တွင် အသက် ၁၂ နှစ်အောက် မိသားစုများ အနေဖြင့် ပြည်ပနိုင်ငံသား အိမ်အကူ များကိုလည်း ခေါ်ခွင့်ပြုထားပြီး ထိုသို့ အိမ်အကူ ခေါ်မည်ဆိုပါက မိဘများ အနေဖြင့် အလုပ်ကို ပိုမို အချိန်ပေး နိုင်မည်ဖြစ်သည်။

ထိုင်ဝမ်တွင် ကလေးမွေးဖွားနှုန်း နိမ့်ကျနေပြီး သက်ကြီးပိုင်း လူဦးရေ များပြားနေကာ လုပ်သားစျေးကွက်၌ အလုပ်သမား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

Source: Nikkei Asia