CNI International News
ဘန်ကောက်၊ မတ်လ ၁၁
အရှေ့တောင်အာရှ၏ လုပ်သားအင်အားစုသည် ကမ္ဘာလုံးဆိုင်ရာ လုပ်သားစျေးကွက်၏ အဓိကကျသည့် အင်အားစုတစ်ခု ဖြစ်လာသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှသည် ပေါ်ထွန်းစ စျေးကွက်တစ်ခု မဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ပါရမီရှိသည့် လုပ်သား အင်အားများ စုစည်းသည့် နေရာတစ်ခုဖြစ်လာပြီး ဆန်းသစ်တီထွင်မှု၊ လျှင်မြန်ဖြတ်လတ်မှု၊ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်မှုတို့နှင့်အတူ ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပရော်ဖက်ရှင်နယ် ဝန်ထမ်းများသည် အခြေအနေသစ် တစ်ခုကို လျှင်မြန်စွာ သင်ယူနိုင်ပြီး အလိုက်သင့် လိုက်ပါ ဆောင်ရွက်နိုင်စွမ်း မြင့်မားကာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ခြင်း၊ အထူးသဖြင့် နည်းပညာနှင့် ကုန်ထုတ်လုပ်ငန်း ကဲ့သို့ လျှင်မြန်စွာ တိုးတက်နေသည့် နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိလာကြသည်ဟု ဆိုသည်။
ကုမ္ပဏီများကလည်း AI နည်းပညာနှင့် စက်ယန္တရား အစားထိုးသည့် လုပ်ငန်းခွင်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပုံအောနေကြမှုနှင့်အတူ အရှေ့တောင်အာရှ လုပ်ငန်းခွင်များတွင် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပိုမိုပါဝင်လာခဲ့သည်။
စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံမှုများသည်လည်း ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုတို့အပေါ် အခြေခံထား ကာ ရှုပ်ထွေးသည့် ပရောဂျက်များအတွက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရာတွင် အားသာချက်များရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ကားထုတ်လုပ်ရေး စက်ရုံတစ်ခုမှာ အလုပ်လုပ်နေကြစဉ်
အာဆီယံဒေသတွင်း အင်တာနက်အသုံးပြုသူ ၆၇၅ သန်းကျော် ရှိနေမှုနှင့်အတူ လုပ်သားများသည် ဒစ်ဂျစ်တယ် ခေတ်တွင် နည်းပညာသစ်များကို လျှင်မြန်စွာ လေ့လာသင်ယူနိုင်စွမ်းရှိသည်ဟု ဆိုသည်။
ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်း အသေးစားများ ပိုမိုပေါ်ပေါက်လာမှုနှင့်အတူ ပရော်ဖက်ရှင်နယ် အများစု သည် လုပ်ငန်းရှင် စိတ်ဓာတ်များ ပေါ်ပေါက်လာကြပြီး ဝန်ထမ်းများကလည်း မိမိတို့၏ အလုပ်တာဝန်ထက်ပိုသည့် ကျွမ်းကျင်မှုများကို ပိုမိုလေ့လာခဲ့ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် သမားရိုးကျ နည်းလမ်းအဟောင်းများထက် ဆန်းသစ်တီထွင်မှုများကို ဦးစားပေး လုပ်ဆောင်နေခြင်း သည် အရှေ့တောင်အာရှ ဒေသအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်အတွက် ပိုပြီး မဟာဗျူဟာကျ သည့် အခန်းကဏ္ဍသို့ ရောက်ရှိစေခဲ့သည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။
မလေးရှား၊ ဗီယက်နမ်နှင့် စင်္ကာပူကဲ့သို့ အာဆီယံနိုင်ငံများသည် စံတန်ဖိုး မြင့်မားသည့် လုပ်ငန်းခွင်များတွင် ဦးဆောင်နေပြီး ပရော်ဖက်ရှင်နယ်များသည်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြင့်တက်လာသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်