CNI International News
ဝါရှင်တန်၊ မတ်လ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ပြည်ပနိုင်ငံများမှ တင်ပို့သည့် ကုန်စည်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံသည့် အစီအစဉ်ကြောင့် ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်စေခဲ့ကာ ပြီးခဲ့သည့်လအတွင်း အမေရိကန်၏ စတော့ရှယ်ယာစျေးကွက်တွင် ဒေါ်လာ ၄ ထရီလျံခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထရမ့်၏ မူဝါဒသစ်များ၊ အထူးသဖြင့် အမေရိကန်၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါ၊ တရုတ်နိုင်ငံတို့နှင့် အပြန်အလှန် အခွန်တိုးကောက်နေသည့် အခြေအနေများသည် စီးပွားရေးလုပ်ငန်း များ၊ စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုများအကြား မသေချာ မရေရာမှုများ မြင့်တက်စေခဲ့ကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။
“အမေရိကန်ရဲ့ မူဝါဒ သိသိသာသာ ပြောင်းလဲသွားတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မဖြေနိုင်သေးပါဘူး” ဟု အမေရိကန်၏ ဥစ္စာဓန စီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သည့် Wealth Enhancement မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာပညာရှင် အာယာကို ယိုရှီအိုကာ (Ayako Yoshioka) က ပြောကြားခဲ့သည်။
မတ်လ ၁၀ ရက်က အမေရိကန်၏ စတော့ရှယ်ယာ စျေးကွက်သည် ကျဆင်းခဲ့ပြီး S&P 500 သည် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုနှုန်းထားသည် တစ်နှစ်အတွင်း နေ့အလိုက် အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်။
Nasdaq Composite စတော့စျေးကွက်သည်လည်း ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထိုနှုန်းထားသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း တစ်ရက်အတွင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်။
အမေရိကန် စတော့ရှယ်ယာဈေးကွက်ကို တွေ့ရစဉ်
ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲ၏ သက်ရောက် မှုများကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေချိန်တွင် အမေရိကန်အနေဖြင့် စီးပွားရေး ကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ် ရှိ၊ မရှိဆိုသည့် အချက်ကို ခန့်မှန်းပြောကြားရန် ငြင်းဆိုခဲ့သည်။
“ကနေဒါ၊ မက္ကဆီကို၊ ဥရောပနိုင်ငံတွေနဲ့ အပြန်အလှန် အခွန်စစ်ပွဲ ဆင်နွှဲမှုကတဆင့် မသေချာ မရေရာမှုတွေ မြင့်တက်လာတာကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စဉ်းစားလာ ကြပါတယ်”ဟု Lazard ဘဏ္ဍာရေးကုမ္ပဏီ၏ စီအီးအို ပီတာ အော်ဇက် (Peter Orszag) က ပြောကြားခဲ့သည်။
“လူတွေက တရုတ်နဲ့ တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေကို နားလည် လက်ခံနိုင်ပေမယ့် ကနေဒါ၊ မက္ကဆီ၊ ဥရောပနိုင်ငံတွေနဲ့ တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေကိုတော့ နားမလည်နိုင်ကြပါဘူး။ ဒီပြဿနာကို နောက်လထဲမှာ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ အမေရိကန်ရဲ့ စီးပွားရေး အလားအလာကို ထိခိုက်စေပါလိမ့်မယ်” ဟု အော်ဇက်က ပြောကြားခဲ့သည်။
Delta လေကြောင်းလိုင်းကလည်း ထိုကဲ့သို့ စီးပွားရေး အလားအလာ မသေချာမှုများကြောင့် ၎င်းတို့ကုမ္ပဏီ၏ ပထမ ၃ လပတ်ကာလ အမြတ်ငွေ ခန့်မှန်းချက်ကို ထက်ဝက်အထိ လျှော့ချခဲ့ပြီး Delta ကုမ္ပဏီ၏ ရှယ်ယာစျေး များသည်လည်း ၁၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
Source: The Nation