CNI International News
ဘန်ကောက်၊ မတ်လ ၁၅
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) သည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဖက်ရှင်လုပ်ငန်းစု ဖြစ်သည့် Minor International (MINT) ကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဝီလျံ ဟိုင်နစ်ကယ် (William Heinecke) နှင့် မတ်လ ၁၄ ရက်က အစိုးရအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဘန်ကောက် (Bangkok) တွင် ရုံးချုပ်ဖွင့်ထားသည့် Minor International ကုမ္ပဏီသည် အာရှ-ပစိဖိတ်ဒေသ၌ အကြီးမားဆုံး ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းစုများထဲမှာ ပါဝင်သည်။
ဆွေးနွေးမှုများအတွင်း ပေတုန်တန်က ၎င်းတို့ အစိုးရအဖွဲ့၏ "Amazing Thailand Grand Tourism and Sports Year 2025" ဆိုသည့် လှုပ်ရှားမှုဖြင့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍအား တစ်နှစ်ပတ်လုံး မြှင့်တင်မည့် အစီအစဉ် အကြောင်းကို အလေးထား ပြောကြားခဲ့သည်ဟု ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆွတ် (Jirayu Houngsub) က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ MINT ဥက္ကဋ္ဌ တွေ့ဆုံစဉ်
ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော် စီးပွားရေးလုပ်ခဲ့သည့် ဟိုင်နစ်ကယ်ကမူ ခရီးသွားကဏ္ဍကို မြှင့်တင်နေသော အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများအား ချီးမွမ်းခဲ့သည်။
ထို့နောက် ဖူးခက် (Phuket)နှင့် အခြား ကမ္ဘာလှည့် ခရီးသွားများ သွားရောက်လေ့ရှိသော ပြည်နယ်များတွင် စီးပွားရေးအရ ကြီးမားသည့် အကျိုးအမြတ်များ ရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ခရီးသွားများနှင့် နိုင်ငံအတည်တကျ မနေထိုင်ဘဲ လှည့်ပတ်သွားလာနေသူများကို ပိုမို ဆွဲဆောင်နိုင်ရန် နောက်ထပ်နိုင်ငံများကို ဗီဇာကင်းလွတ်ခွင့်များ ပိုပေးရန် ဟိုင်နစ်ကယ်က အဆိုပြုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ MINT ဥက္ကဋ္ဌ တွေ့ဆုံစဉ်
ဖူးခက်ကမ်းခြေကို ကမ္ဘာလုံးဆိုင်ရာ ခရီးသွားများ လာရောက်သည့် နေရာတစ်ခုအဖြစ် ပိုမိုမြှင့်တင်ရန် ပေတုန်တန်နှင့် ဟိုင်နစ်ကယ်တို့က သဘောတူခဲ့သလို ဒေသခံများနှင့် ခရီးသွားများအတွက် ရှေရှည်အကျိုးပြု စေမည့် ဝန်ဆောင်မှုများနှင့် အခြေခံ အဆောက်အအုံများကို အလေးထား ပြောဆိုခဲ့ကြသည်ဟု ဂျီရာယူက ပြောသည်။
ဖူးခက်ကမ်းခြေ၏ အခန်းကဏ္ဍသည် HBO က ထုတ်လွှင့်ပြသသည့် The White Lotus အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်လာမှုကြောင့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၌ ရုပ်ရှင်များ ရိုက်ကူးရန် ပြည်ပရုပ်ရှင်ကုမ္ပဏီများကို ကမ်းလှမ်းသင့်ကြောင်း ဟိုင်နစ်ကယ်က အကြံပြုခဲ့သည်။
ထို့ပြင် စင်္ကာပူ၊ မလေးရှား၊ လာအို၊ တရုတ်တို့ဖြင့် ချိတ်ဆက်မှုများနှင့်အတူ ထိုင်းနိုင်ငံမှဖြတ်ပြီး ရထား လမ်းများဖောက်ခြင်း၊ ဖူးခက်သို့ တိုက်ရိုက်ပြေးဆွဲသည့် လေကြောင်းလိုင်းများကို ပိုမိုမြှင့်တင်ခြင်းတို့ ပြုလုပ်ရန်လည်း ဟိုင်နစ်ကယ်က အဆိုပြုခဲ့သည်။
ပေတုန်တန်ကလည်း အကြံပြုချက်များကို ကြိုဆိုကြောင်း၊ ထိုအကြံပြုချက်များအား သက်ဆိုင်ရာ အေဂျင်စီများ နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: The Nation