CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၅

ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနသည် စင်္ကာပူနိုင်ငံသို့ ထိုင်းလုပ်သားများ ပိုမို စေလွှတ်ရန် ရည်ရွယ်ထား ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အထူးသဖြင့် သင်္ဘောကျင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများတွင် လုပ်သားများကို စေလွှတ်လိမ့်မည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်းအလုပ်သမားရေးဝန်ကြီး  ဖီဖက်(Phiphat Ratchakitprakarn) က သူသည် ပြီးခဲ့သည့် သီတင်းပတ်ကုန် အတွင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘွန်ဆောင် ( Boonsong Thapchaiyuth) နှင့်အတူ စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် စင်္ကာပူအလုပ်သမားရုံးမှ အရာရှိများ၊ စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်များ၊ စင်္ကာပူနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ယူရီယက် (Ureerat Chareontoh) တို့နှင့် စင်္ကာပူရှိ ထိုင်းသံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။

ထိုင်းဂဟေဆော် အလုပ်သမားများကို တွေ့ရစဉ်

စင်္ကာပူတွင် အလုပ်လုပ်နေသည့် ထိုင်းလူမျိုး ၄၀၀၀ နီးပါးရှိပြီး အများစုသည် ဆောက်လုပ်ရေး လုပ်သားများ၊ ကုန်ထုတ်လုပ်ရေး လုပ်သားများ၊ ဂဟေဆော်သူများ၊ လေယာဉ်အမှုထမ်းများ၊ အလုပ်ကြမ်းလုပ်သူများ၊ လျှပ်စစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်သားများ၊ ပိုက်ဆက်သမားများနှင့် အထွေထွေ လုပ်သားများဖြစ်သည်ဟု မစ္စတာ ဖီဖက်က ပြောသည်။

"စင်္ကာပူမှာ အဲဒီအလုပ်တွေ လာလုပ်တာက ထိုင်းလုပ်သားတွေရဲ့ ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေပြီး သူတို့ မိသားစုတွေကို ငွေကြေး ပိုမို ထောက်ပံ့ပေးနိုင်ပါတယ်"ဟု ဖီဖက်က ပြောသည်။

ထိုင်းလုပ်သားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရေးသည် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန၏ အဓိကမူဝါဒ ဖြစ်ပြီး ထိုင်းအစိုးရသည် ပြည်ပတွင် အလုပ်လုပ်ခဲ့သည့် ကျွမ်းကျင်လုပ်သားများကို နိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

ထိုင်းနိုင်ငံတွင်းက တစ်နေရာကို တွေ့ရစဉ်

"စင်္ကာပူအရာရှိတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုဟာ စင်္ကာပူရဲ့ အလုပ်သမား စျေးကွက်ကို ပိုမိုချဲ့ထွင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်" ဟု ဖီဖက်က ပြောကြားခဲ့သည်။

စင်္ကာပူသည် သင်္ဘောများ တည်ဆောက်သည့် ကဏ္ဍတွင် ဂဟေဆော်သူများကို လိုအပ်နေပြီး လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍ၌ ကျွမ်းကျင် လုပ်သားများနှင့် ဆောက်လုပ်ရေးကဏ္ဍမှာ အတွေ့အကြုံရှိသည့် လုပ်သားများ ကို လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

"များပြားတဲ့ ပရောဂျက်တွေ၊ အထူးသဖြင့် သင်္ဘောကျင်းကဏ္ဍကို ချဲ့ထွင်ဖို့အတွက် စင်္ကာပူမှာ လုပ်သားလိုအပ် ချက် ကြီးမားနေပါတယ်" ဟု ဖီဖက်က ဆိုသည်။

သင်္ဘောကျင်းကဏ္ဍတွင် သင်္ဘောတည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အထွေထွေလုပ်သား၊ ဆေးသုတ်သမားများ အစရှိသည့် အလုပ်နေရာများကို လုပ်ကိုင်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်